ဥရောပပြိုင်ပွဲယှဉ်ပြိုင်ကစားသည့် ပရီးမီးယားလိဂ်အသင်း လေးသင်းကို နားချိန်အစားထိုးပေးရန် စီစဉ်နေပြီး လာမည့်ရာသီသစ်၏ ပထမဆုံးရက်သတ္တပတ်နှစ်ပတ်ပွဲအချို့ကို ရွှေ့ဆိုင်းနိုင်ဖွယ်ရှိ

ဥရောပပြိုင်ပွဲယှဉ်ပြိုင်ကစားသည့် ပရီးမီးယားလိဂ်အသင်း လေးသင်းကို နားချိန်အစားထိုးပေးရန် စီစဉ်နေပြီး လာမည့်ရာသီသစ်၏ ပထမဆုံးရက်သတ္တပတ်နှစ်ပတ်ပွဲအချို့ကို ရွှေ့ဆိုင်းနိုင်ဖွယ်ရှိ
Photos : Getty Images
Photos : Getty Images
Published 5 August 2020

ဥရောပပြိုင်ပွဲ ယှဉ်ပြိုင်ကစားရန်ကျန် ရှိနေသည့် မန်စီးတီး၊ ချယ်လ်ဆီး၊ မန်ယူနှင့် ဝုလ်ဗ်အသင်းများကို နားချိန်အစားထိုးပေးရန် ပရီးမီးယားလိဂ်အဖွဲ့ချုပ်က ခွင့်ပြုပေးမည်ဖြစ်ကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။ ထို့ကြောင့် ယင်း အသင်းလေးသင်း ကစားရမည်ဖြစ်သော ၂၀၂၀-၂၁ ဘောလုံးရာသီ၏ ပထမဆုံးရက် သတ္တပတ်နှစ်ပတ်ပွဲအချို့ကို ရွှေ့ဆိုင်းရဖွယ်ရှိသည်။

ပြီးခဲ့သည့်လကတည်းက ယင်းအသင်း လေးသင်းစလုံးမှ လာမည့်ရာသီ ပရီးမီးယား လိဂ်အဖွင့်ပွဲစဉ်များကို ရွှေ့ဆိုင်းပေးရန် ဆန္ဒရှိနေသည်ဟု သတင်းများက ဖော်ပြခဲ့ကြသည်။  Daily Mail ၏သတင်းရင်းမြစ်များ အနေဖြင့် တစ်သင်းချင်းစီအလိုက် မည်ကဲ့သို့ ဆုံးဖြတ်မည်ကိုမူ ပြောဆိုခြင်းမရှိခဲ့ကြောင်း သိရသည်။ အဆိုပါအသင်းများအနေဖြင့် ဥရောပပြိုင်ပွဲပြီးဆုံးချိန်နှင့် လာမည့်ရာသီ အဖွင့်ပွဲစဉ်အကြား ရက် ၃၀ ကာလသတ်မှတ် ပြီး ယင်းရက်အရေအတွက်မပြည့်ခဲ့လျှင် ရာ သီသစ်မှ ကစားမည့်ပွဲများကို ရွှေ့ဆိုင်းပေး ရန် စီစဉ်နေခြင်းဖြစ်သည်။ လာမည့်ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို စက်တင်ဘာ ၁၂ ရက်တွင် စတင်ကျင်းပရန် အတည်ပြုကြေ ညာထားခဲ့သည်။ 

ချန်ပီယံလိဂ်ဗိုလ်လုပွဲကို သြဂုတ် ၂၃ ရက်တွင် ကျင်းပရန် စီစဉ်ထားပြီး ဂွါဒီယိုလာ၏မန်စီးတီးအသင်းအနေဖြင့် ဗိုလ်လုပွဲတက်ရောက်လျှင် စက်တင်ဘာလ ၂၂ ရက်အထိ ယင်းအသင်းကစားမည့်အမှတ် ပေးပွဲစဉ်များကို ရွှေ့ဆိုင်းရမည်ဖြစ်သည်။ ထို့အတူ ယူရိုပါလိဂ်ဗိုလ်လုပွဲကိုလည်း သြဂုတ် ၂၁ ရက်တွင် ကျင်းပမည်ဖြစ်သောကြောင့် မန်ယူအသင်းနှင့် ဝုလ်ဗ်အသင်းသာ ဗိုလ်လုပွဲ တက်ရောက်လျှင် စက်တင်ဘာလ ၂၀ ရက် အထိ ပရီးမီးယားလိဂ်ပွဲစဉ်များ ကစားနိုင်ဦးမည်မဟုတ်ကြောင်း သိရသည်။ 

လက်ရှိတွင် ချန်ပီယံလိဂ်ပြိုင်ပွဲ$ယှဉ်ပြိုင်ရမည့် မန်စီးတီး နှင့် ချယ်လ်ဆီး၊ ယူရိုပါလိဂ်ပြိုင်ပွဲ၌ ယှဉ်ပြိုင် ရမည့် မန်ယူနှင့် ဝုလ်ဗ်အသင်းစသည့် အသင်းလေးသင်းအနက် ချယ်လ်ဆီးတစ်သင်းသာ မလွယ်ကူတော့သည့် အနေအထားရှိပြီး ကျန်အသင်းများမှာ ကွာတားဖိုင်နယ်တက်ရောက်ရန် အခြေအနေကောင်းနေသည်။ သို့သော် ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ်က သူ၏အသင်းကိုလည်း စက်တင်ဘာ ၁၂ ရက်တွင် ရာသီအဖွင့်ပွဲစဉ်ကစားရခြင်းမှ ကင်းလွတ်ခွင့်ရစေလိုသည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။ 

ချယ်လ်ဆီးအနေဖြင့် ဘိုင်ယန်မြူးနစ်နှင့် ဒုတိယအကျော့ကို သြဂုတ် ၈ ရက် တွင် ကစားရမည်ဖြစ်သောကြောင့် ရက် ၃၀ ကာလကို တိုးမြှင့်နိုင်မည်မဟုတ်ဟု သတင်းများက ဖော်ပြခဲ့သည်။ သို့သော် လမ်းပတ်က  သူ၏အသင်းမှာ အခြားအသင်းများထက် နှစ်ပတ်ခန့် ပိုကစားထားရခြင်းကြောင့် အထူး အခွင့်အရေးရမည်ဟု ယုံကြည်လျက်ရှိသည်။

Most Read

Most Recent