ခြစားမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးခံရမည့် အင်ဖန်တီနို FIFA ဥက္ကဋ္ဌအဖြစ် ဆက်ရှိနေမည်ဟု အတည်ပြု

ခြစားမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးခံရမည့် အင်ဖန်တီနို FIFA ဥက္ကဋ္ဌအဖြစ် ဆက်ရှိနေမည်ဟု အတည်ပြု
Published 4 August 2020

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) သည် ခြစားမှုပြဿနာများတွင် ပါဝင်ပတ်သက်မှု ရှိသည်ဟု စွပ်စွဲခံရပြီး စုံစမ်းစစ်ဆေးမှုများရင်ဆိုင်ရမည့် ဥက္ကဋ္ဌ အင်ဖန်တီနိုအား အပြည့်အဝထောက်ခံကြောင်းနှင့် ၎င်းအနေဖြင့် ရာထူးတွင် ဆက်ရှိနေမည်ဖြစ်ကြောင်း အတည်ပြုထုတ်ပြန်ခဲ့သည်။

အင်ဖန်တီနိုသည် ဘောလုံးလောက၏ ခြစားမှုများနှင့် ပတ်သက်ခဲ့သည်ဆိုသည့်စွပ်စွဲမှုများ ရင်ဆိုင်ရပြီးနောက် ရာထူးမှနုတ်ထွက်သွားသည့် ဆွစ်ဇာလန်ရှေ့နေချုပ် မိုက်ကယ်လော်ဘာနှင့် သုံးကြိမ်တိုင်တွေ့ဆုံခဲ့ခြင်းအတွက် အထူးရှေ့နေတစ်ဦးဖြစ်သူ စတီဖန်ကယ်လာက စွဲချက်တင်ထားခြင်းဖြစ်သည်။

သို့သော် FIFA က ''FIFA နဲ့ ဥက္ကဋ္ဌ အင်ဖန် တီနိုတို့ဟာ ဆွစ်ဇာလန်တရားရေးတာဝန်ရှိ သူတွေရဲ့ စုံစမ်းစစ်ဆေးမှုတွေမှာ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး စုံစမ်းစစ်ဆေးမှုတွေမပြီးမချင်း ဥက္ကဋ္ဌတာဝန်တွေကို ဆက် လက်ဆောင်ရွက်သွားမှာပါ။ FIFA အနေနဲ့ ဥက္ကဋ္ဌတာဝန်တွေ ဆက်လက်ဆောင်ရွက်ခြင်းကို အပြည့်အဝထောက်ခံသွားမှာဖြစ်ပြီး အလုပ်တာဝန်တွေအရ ဆွစ်ဇာလန်ရှေ့နေချုပ်နဲ့တွေ့ဆုံတာက ဘာအမှားမှ ကျူးလွန်တာမဟုတ်ဘူးလို့ ယုံကြည်ပါတယ်''ဟု ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ဆွစ်ဇာလန်အစိုးရ၏ အထူးရှေ့နေတစ်ဦးဖြစ်သူ စတီဖန်ကယ်လာ၏ စွပ်စွဲမှုများတွင် ခိုင်မာသည့်သက်သေမရှိဘဲ ရာထူးမှ ထုတ်ပယ်ခံရသူတစ်ဦးနှင့် တွေ့ဆုံခြင်းအတွက် ထင်ကြေးဖြင့်စွပ်စွဲခဲ့ခြင်းဟုသာ ယုံကြည်ထားပြီး ဥက္ကဋ္ဌတာဝန်များတွင် ဆွစ်ဇာလန်ရှေ့နေချုပ်နှင့် တွေ့ဆုံမှုလည်းပါဝင်ကြောင်း FIFA က ဆက်လက်ဖော်ပြထားသည်။

အင်ဖန်တီနိုသည် ၂၀၁၅ ခုနှစ်ကဖြစ်ပွားသည့် FIFA ၏ ခြစားမှုပြဿနာများကြောင့် ရာထူးမှနုတ်ထွက်ခဲ့ရသူ ဥက္ကဋ္ဌဟောင်း ဘလတ္တာနေရာတွင် အစားဝင်လာသူဖြစ်သည်။

၎င်းသည် ၂၀၁၉ ခုနှစ် ဇွန်တွင် ပြုလုပ်သည့် FIFA ဥက္ကဋ္ဌ ရွေးကောက်ပွဲ၌ ပြိုင်ဘက်မရှိ ပြန်လည်ရွေးချယ်ခံရပြီး ၂၀၂၃ ခုနှစ်အထိ တာဝန်ယူရမည်ဖြစ်သည်။

 

Most Read

Most Recent