COVID-19 ၏ သက်ရောက်မှုကြောင့် EFL ကလပ် (၁၅) သင်းခန့် ဖျက်သိမ်းရနိုင်သည့် အခြေအနေကြုံတွေ့နေပြီး ပရီးမီးယားလိဂ်အနေဖြင့် အကူအညီပေးရန်လိုအပ်ဟု ဗြိတိန်အစိုးရ ထုတ်ပြန်

COVID-19 ၏ သက်ရောက်မှုကြောင့် EFL ကလပ် (၁၅) သင်းခန့် ဖျက်သိမ်းရနိုင်သည့် အခြေအနေကြုံတွေ့နေပြီး ပရီးမီးယားလိဂ်အနေဖြင့် အကူအညီပေးရန်လိုအပ်ဟု ဗြိတိန်အစိုးရ ထုတ်ပြန်
Photos: Getty Images
Photos: Getty Images
Published 24 July 2020

COVID-19  ၏ သက်ရောက်မှုကြောင့် EFL (ပရီးမီးယားလိဂ်ပြင်ပ အင်္ဂလန်အောက်တန်းလိဂ်သုံးခု) ကလပ် (၁၅)သင်းခန့် ဖျက်သိမ်းရနိုင်သည့်အခြေအနေ ရင်ဆိုင်နေရပြီး ပရီးမီးယားလိဂ်အနေဖြင့် အကူအညီများ ပိုမိုပေးအပ်ရန် လိုအပ်ကြောင်း ဗြိတိန်အစိုးရက အစီရင်ခံစာထုတ်ပြန်ခဲ့သည်။

ယင်းအစီရင်ခံစာကို ဗြိတိန်အစိုးရ၏ ဒစ်ဂျစ်တယ်၊ ယဉ်ကျေးမှု၊ မီဒီယာနှင့် အားကစားကော်မတီက ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး COVID-19   ကြောင့် အားကစားနှင့် ယဉ်ကျေးမှုကဏ္ဍအပေါ် သက်ရောက်မှုအခြေ အနေများကို ထည့်သွင်းရေးသားထားသည်။ 

"ဘောလုံးစီးပွားရေးလုပ်ငန်းပုံစံ၏ လက်ရှိအခြေအနေမှာ ရေရှည်တည်မြဲရန်မဖြစ်နိုင်ပါ။ COVID-19  အကျပ်အတည်းသည် ဘောလုံးလောကရှိ ဘဏ္ဍာရေးအကျပ်အတည်းကို ပိုမိုသိသာထင်ရှားစေခဲ့သည်။ ပရီးမီးယားလိဂ်မှာ အင်္ဂလိပ်ဘောလုံး၏ ဝင်ငွေအဓိကရရှိရာနေရာဖြစ်ပြီး ၄င်းတို့အနေဖြင့် EFL ကို အကူအညီမပေးအပ်ပါက ဘာရီအသင်း (ယခုရာသီ League One ပြိုင်ပွဲတွင် ဖျက်သိမ်းခဲ့ရ) ၏ နောက်သို့ အခြားကလပ်အသင်းများစွာ လိုက်ပါရလိမ့်မည်ဖြစ်သည်"ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့ပြင် ကော်မတီဥက္ကဋ္ဌဖြစ်သူ လွှတ်တော်အမတ် ဂျူလီယန်နိုက်က "အခုလောလောဆယ် ဖျက်သိမ်းရနိုင်ခြေရှိတဲ့စာရင်းမှာ စောင့်ကြည့်နေတဲ့ကလပ် (၁၀) သင်းကနေ (၁၅) သင်းရှိပါတယ်။ ဒီကလပ်တွေက EFL ကလပ်တွေဖြစ်ပြီး အသင်းစုစုပေါင်းရဲ့ (၅)ပုံ (၁)ပုံဖြစ်ပါတယ်။ ဒါဟာ နိုင်ငံတစ်ဝန်းမှာရှိ တဲ့ လူမှုအသိုင်းအဝိုင်းများစွာအတွက် ဝမ်းနည်းစရာဖြစ်မယ်ဆိုတာ သေချာပါတယ်။ ဒီအခြေအနေကို ပြန်လည်စတင်နိုင်ဖို့ လိုအပ်ပါတယ်။ ဒီလိုဖြစ်နေတာ နှစ်နဲ့ချီပြီးကြာနေပါပြီ။ အခုဆိုရင် EFL ကလပ်တွေဟာ ကွင်းဝင်ကြေးကနေ ဝင်ငွေမရတော့တဲ့အခါ တချို့ကလပ်တွေအနေနဲ့ အဆုံးသတ်သွားစေနိုင်တဲ့ အခြေအနေအထိ အကျိုးသက်ရောက်မှုတွေ ရင်ဆိုင်နေရပါတယ်။ သူတို့ဆီမှာ ပရီးမီးယားလိဂ်လို ပမာဏများတဲ့ ရုပ်သံစာချုပ်တွေမရှိပါဘူး" ဟု သုံးသပ်ပြောကြားသည်။

COVID-19  ကြောင့် အင်္ဂလန်နိုင်ငံတစ်ဝန်းရှိ ဘောလုံးပြိုင်ပွဲများကို (၃)လကြာ ရပ်နားခဲ့ရပြီးနောက် ဇွန်လအတွင်း ပြန်လည်စတင်ရာတွင် ပရီးမီးယားလိဂ်နှင့် EFL လက်အောက်ရှိ လိဂ်ချန်ပီယံရှစ်ပြိုင်ပွဲသာ ကျင်းပနိုင်ခဲ့ပြီး League One နှင့် League Two ပြိုင်ပွဲများကိုမူ ဖျက်သိမ်းခဲ့ရသည်။ 

ထို့ပြင် ပရီးမီးယားလိဂ်မှ လိဂ်ချန်ပီယံရှစ်သို့ တန်းဆင်းရသည့်ကလပ်များအား သုံးရာသီကြာ ငွေကြေးထောက်ပံ့သည့်အစီအစဉ်ကို ရပ်တန့် ၍ လစာထိန်းချုပ်သည့်စနစ် (Salary Cap) ကျင့်သုံးရန် တိုက်တွန်းဆွေးနွေးမှုများရှိနေသည်။ 

ယခုရာသီတွင် လိဂ်ချန်ပီယံရှစ်ကလပ် (၆)သင်းမှာ ပရီးမီးယားလိဂ်၏ထောက်ပံ့ငွေ ပေါင်သန်း (၄၀) ခန့်ရရှိသော်လည်း ကျန် (၁၈) သင်းမှာမူ ပေါင် (၄.၅)သန်းဝန်းကျင်သာ ရရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent