ရီးယဲလ်မက်ဒရစ်အသင်း၏ နည်းပြဖြစ်သူ ဇီဒန်းက လာလီဂါချန်ပီယံဆုကိုရရှိခဲ့ခြင်းသည် မန်စီးတီးအသင်းနှင့် ကစားမည့်ချန်ပီယံလိဂ်ပွဲစဉ်အတွက် တွန်းအားတစ်ရပ်ဖြစ်စေကြောင်းနှင့် မိမိတို့အသင်းသည် နောက် တစ်ဆင့်တက်ရန်အတွက် အစွမ်းကုန်ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ရီးယဲလ်မက်ဒရစ်အသင်းသည် မန်စီးတီးအသင်းနှင့်ပွဲစဉ်အား အီတီဟတ်ကွင်းတွင် ကစားရမည်ဖြစ်ပြီး ပထမအကျော့အိမ်ကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့စဉ်ကမူ (၁-၂)ဂိုးဖြင့် ရှုံးနိမ့်ထားသည်။ မန်စီးတီးအသင်းသည် အသင်းကောင်းတစ်သင်းဖြစ်ပြီး မိမိတို့အသင်းအတွက် ခက်ခဲသည့် ပြိုင်ဘက်အသင်းတစ်သင်းဖြစ်သည်ဟုလည်း ဇီဒန်းက ပြောကြားခဲ့သည်။ ရီးယဲလ်မက်ဒရစ်အသင်းသည် လာလီဂါအောင်မြင်မှုကို ရရှိရန်အတွက် အကောင်းဆုံးပုံစံကို ပြသခဲ့ပြီး အောင်ပွဲခံနိုင်ခဲ့ခြင်းဖြစ်သည်။ ရာသီနောက်ဆုံးပွဲစဉ် (၁၁)ပွဲတွင် အမြင့်ဆုံးရနိုင်သည့် (၃၃)မှတ်အနက် (၃၁)မှတ်အထိ ရယူနိုင်ခဲ့ပြီး ယင်းကဲ့သို့ ကြိုးစားမှုမျိုးကို မန်စီးတီးနှင့်ကစားမည့်ပွဲတွင်လည်း ပြသရမည်ဟု ဇီဒန်းကဆိုခဲ့သည်။

ဇီဒန်းက ''ကျွန်တော်တို့က မန်စီးတီးကို ကျော်ဖြတ်နိုင်လိမ့်မယ်လို့တော့ မစဉ်းစားထားပါဘူး။ ဒါပေမဲ့ ကွာတားဖိုင်နယ်ကိုတက်ဖို့အတွက် နောက်ဆုံးမိနစ်၊ နောက်ဆုံးစက္ကန့်အထိ တိုက်ပွဲဝင်သွားမှာပါ။ လာလီဂါအောင်မြင်မှုဟာ ကျွန်တော်တို့အတွက် ဥပမာကောင်းဖြစ်ပြီး ဒီအောင်မြင်မှုက မန်စီးတီးနဲ့ပွဲအတွက် ယုံကြည်မှု ပိုရှိစေပါတယ်။ ဒီဖလားကို ယူခဲ့သလို ကြိုးစားမှုမျိုးနဲ့ဆို ရင် ကျွန်တော်တို့မှာ အခွင့်အရေးရှိပါတယ်။ အခုတော့ ကစားသမားတွေကို ခဏအနားပေးဖို့ စီစဉ်ထားပါတယ်။ ဘာကြောင့်လဲဆိုတော့ ရာသီပိတ်ပွဲစဉ်တွေမှာ အရမ်းပင် ပန်းခဲ့ကြလို့ပါ''ဟု ပြောကြားခဲ့သည်။ ဇီဒန်းသည် လီဟာနက်စ်အသင်းနှင့် ကစားခဲ့သည့် ရာသီနောက်ဆုံးပိတ်ပွဲစဉ်တွင် ဂါရတ်ဘေးလ်၊ ဟာမီးစ်ရိုဒရီဂွက်ဇ်နှင့် အေဒင်ဟာဇက်တို့ကို အသင်းလူစာရင်းတွင်ပင် မထည့်သွင်းခဲ့ခြင်းနှင့်ပတ်သက်သည့် မေးမြန်းမှုများကိုလည်း ဖြေကြားသွားခဲ့သည်။

ဟာမီးစ်သည် သူ၏ အပြောင်းအရွှေ့ကိစ္စများကို ဆောင်ရွက်ရန်အတွက် အသင်းလူစာရင်းတွင် မထည့်သွင်းရန် ကိုယ်တိုင်တောင်းဆိုခဲ့ခြင်းဖြစ်ပြီး ဇီဒန်းက ''ဟာမီးစ်ရဲ့အနေအထားကို လူတိုင်းသိပါတယ်။ ဂါရတ်ဘေးလ်ကတော့ ကျွန်တော့်ရဲ့ဆုံးဖြတ်ချက်သက်သက်ပါ။ ဒီ့ထက်ဘာမှမပိုပါဘူး။ အေဒင်ကတော့ နောက်ဆုံးကစားခဲ့တဲ့ပွဲတုန်းက ဒဏ်ရာနည်းနည်းရခဲ့ပြီး ကြံ့ခိုင်မှု ပြဿနာအနည်းငယ်ရှိနေပါတယ်။ ဒါကြောင့် သူ့ကို ကျွန်တော်တို့ အနားပေးထားဖို့ လိုအပ်ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲတွေမစတင်ခင် အနားယူရမယ့်ကာလအတွင်း သူ အချိန်မီပြန်သက်သာလာဖို့ ကျွန်တော်မျှော်လင့်နေပြီး ပြန်သက်သာလာတာနဲ့ မန်စီးတီးနဲ့ ကစားဖို့အတွက် သူ ပြင်ဆင်မှာပါ။ လက်ရှိအချိန်မှာတော့ သူ့ရဲ့ဒဏ်ရာအခြေအနေအသေးစိတ်ကို ကျွန်တော် မသိရသေးပါဘူး။ အသင်းရဲ့ကြ့ံခိုင်ရေးမှူးက ပိုသိပြီး ဘာတွေလုပ်ရမလဲဆိုတာကိုလည်း သူတို့ နားလည်ပါတယ်။ ကျွန်တော်က အေဒင် ပြန်ကောင်းလာမယ့် အချိန်ကို စောင့်နေရုံပါပဲ''ဟု ပြောကြားခဲ့သည်။















