လာဇီယိုအသင်း၏ စီးရီးအေချန်ပီယံမျှော်လင့်ချက်ကို COVID-19 ကပ်ဆိုးကသတ်ခဲ့ကြောင်း လာဇီယိုအသင်း၏ပြောရေးဆိုခွင့်ရှိသူ အာတူရိုဒီယာကိုနယ်လီက ညည်းတွားခဲ့သည်။
လာဇီယိုအသင်းသည် COVID-19ကြောင့် ဘောလုံးပွဲများ မရပ်နားမီ၌ စီးရီးအေအမှတ်ပေးဇယားတွင် ဦးဆောင်နေသည့် ဂျူဗင်တပ်စ်အသင်း နှင့် ရမှတ်(၁)မှတ်သာကွာဟနေခဲ့သည်။

သို့သော် ဘောလုံးပွဲများ ပြန်လည်စတင်ချိန်တွင် ရလဒ်ဆိုးများနှင့် ရင်ဆိုင်ခဲ့ရပြီး စီးရီးအေချန်ပီယံမျှော်လင့်ချက် အဆုံးသတ်သလောက်ဖြစ်ခဲ့ရသည်။
လက်ရှိတွင် လာဇီယိုအသင်းသည် နောက်ဆုံးကစားထားသည့် စီးရီးအေနောက်ဆုံး(၄)ပွဲတွင် (၃)ပွဲအထိ အရေးနိမ့်ခဲ့ပြီး ဂျူဗင်တပ်စ်အသင်းနှင့် (၈)မှတ်အထိ ကွာဟလျက်ရှိသည်။

လာဇီယိုအသင်း၏ပြောရေးဆိုခွင့်ရှိသူ အာတူရိုဒီယာကိုနယ်လီက ''COVID-19 ကပ်ဘေးသာမရှိခဲ့ရင် လက်ရှိအချိန်မှာ ကျွန်တော်တို့ အခုလိုဖြစ်နေမှာမဟုတ်ပါဘူး။ ကပ်ဘေးက လာဇီယိုကို ဖျက်ဆီးခဲ့ပါတယ်။ ဂျူဗင်တပ်စ်က ကြီးမြတ်တဲ့ချန်ပီယံပါ။ ဘယ်အခြေအနေမျိုးမှာမဆို တည်ငြိမ်နေပြီး ပြိုင်ဘက်တွေရဲ့အားနည်းချက်ကို အသုံးချနိုင်တယ်''ဟု ဆိုခဲ့သည်။
ဂျူဗင်တပ်စ်အသင်းနှင့် လာဇီယိုအသင်းတို့သည် ယနေ့တွင် စီးရီးအေ ပွဲစဉ်-၃၄ အဖြစ် ရင်ဆိုင်ကစားရမည်ဖြစ်သည်။















