ကရင်ပြည်နယ် ဇွဲကပင်တောင်ပေါ်မှ အမျိုးသားတစ်ဦး ခုန်ချမှု ဖြစ်ပွားခဲ့ပြီး ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက် နေကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။
ဇူလိုင် ၁၀ ရက် မွန်းလွဲ ၁ နာရီ ၂၃ မိနစ်တွင် ကရင်ပြည်နယ် ဇွဲကပင်တောင်ပေါ်မှ အမျိုးသားတစ်ဦး ခုန်ချခဲ့ကြောင်း ကနဦး သတင်းရရှိသဖြင့် ဘားအံခရိုင် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်ဟု မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

လူမှုကွန်ရက် Facebook Account အချို့တွင် ဖော်ပြထားမှုများအရ တောင်ပေါ်မှ ခုန်ချခဲ့သူမှာ ကျားကလေး ရွာသားဖြစ်ပြီး ဆိုင်ကယ်သော့၊ လွယ်အိတ်များနှင့်အတူ စာတစ်စောင်ကို ချန်ထားခဲ့ကြောင်း သိရပြီး ထပ်မံသိရှိရသည့် သတင်းများကို ဆက်လက်ဖော်ပြသွားပါမည်။

ကရင်ပြည်နယ် ဇွဲကပင်တောင်ပေါ်မှ ဇွန် ၂၆ ရက်ကလည်း ဘားအံတက္ကသိုလ်တွင် ဂုဏ်ထူးတန်း ပထမနှစ် တက်ရောက်နေသည့် အမျိုးသမီးတစ်ဦး ခုန်ချမှုဖြစ်ပွားခဲ့ပြီး တစ်ရက်အကြာ၌ အလောင်းပြန်လည် တွေ့ရှိခဲ့သည်။















