အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပါတီ ငါးခုခန့်နှင့် ညှိနှိုင်းလျက်ရှိပြီး  တိုင်းရင်းသားပါတီများနှင့် အလုပ်လုပ်ဖြစ်မည့်အခြေအနေ ပိုများကြောင်း ဒေါက်တာညိုညိုသင်း ပြောကြား

အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပါတီ ငါးခုခန့်နှင့် ညှိနှိုင်းလျက်ရှိပြီး  တိုင်းရင်းသားပါတီများနှင့် အလုပ်လုပ်ဖြစ်မည့်အခြေအနေ ပိုများကြောင်း ဒေါက်တာညိုညိုသင်း ပြောကြား
Published 6 July 2020
  ဉာဏ်လင်းထွန်း

ရွေးကောက်ပွဲ ယှဉ်ပြိုင်ရန် နိုင်ငံရေးပါတီ ငါးခုခန့်နှင့် ညှိနှိုင်းလျက်ရှိပြီး မည်သည့် ပါတီကိုယ်စားပြု ယှဉ်ပြိုင်မည်ကို ရက်ပိုင်းအတွင်း ဆုံးဖြတ်မည်ဟု ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာညိုညိုသင်းက ပြောကြားသည်။

ဗမာနိုင်ငံရေးသမား ဖြစ်သော်လည်း ပြည်နယ်များတွင် တိုင်းရင်းသားရေးရာများနှင့် အမျိုးသမီးနိုင်ငံရေးဦးဆောင်မှု သင်တန်းများ ဆောင်ရွက်ခဲ့ခြင်းကြောင့် တိုင်းရင်းသားပါတီများနှင့် လက်တွဲ ဆောင်ရွက်နိုင်ခြေများသည်ဟု ၎င်းက ဆိုသည်။

“အဲဒါတွေကြောင့် အန်တီ့အနားမှာ တိုင်းရင်းသားပါတီတွေက ပိုများတယ်ပေါ့။ တိုင်းရင်းသားပါတီတွေနဲ့ အလုပ်လုပ်ဖြစ်ဖို့ ပိုပြီးတော့များတယ်”ဟု ရန်ကုန်စောင့်ကြည့်အဖွဲ့ (Yangon Watch) တည်ထောင်သူ လည်းဖြစ်သည့် ဒေါက်တာညိုညိုသင်းက ပြောကြားသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် ဗမာပါတီအချို့နှင့် တိုင်းရင်းသားပါတီအချို့၏ ကမ်းလှမ်းမှုရရှိခဲ့ပြီး မည်သည့်ပါတီ ကိုယ်စားပြုနှင့် မည်သည့် မဲဆန္ဒနယ်တွင် ယှဉ်ပြိုင်မည်ကို ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းရမည့်ရက် မတိုင်မီ အတည်ပြုမည်ဟု ၎င်းက ဆိုသည်။

“အန်တီ့ကို အခုထွက်လာတဲ့ ပါတီတိုင်းက ကမ်းလှမ်းပါတယ်။ NLD ပါတီက လွဲရင်ပေါ့။ ကျန်တဲ့ တိုင်းရင်းသားပါတီကြီးတွေ အပါအဝင် ဗမာပါတီတွေ အပါအဝင် အကုန်လုံးလိုလို ကမ်းလှမ်းကြပါတယ်”ဟု ရန်ကုန်တိုင်းလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဒေါက်တာညိုညိုသင်းက ပြောကြားသည်။

ဒေါက်တာညိုညိုသင်းသည် ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှနေ၍ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဗဟန်းမြို့နယ် အမှတ် (၂) မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သည်။

ထို့နောက် လွှတ်တော်ကိုယ်စားလှယ် သက်တမ်းအတွင်း ပါတီမှ နုတ်ထွက်ပြီး တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ဆက်လက် ရပ်တည်ခဲ့သည်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် NLD ပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ခဲ့သော်လည်း ပယ်ချခံခဲ့ရပြီးနောက် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဗဟန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာကို ယှဉ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့သည်။

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည်ဖြစ်ပြီး လွှတ်တော် ကိုယ်စားလှယ်လောင်းစာရင်းကို ဇူလိုင် ၂၀ ရက်တွင် စတင် တင်သွင်းရမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇူလိုင် ၁ ရက်၌ ကြေညာသည်။         

Most Read

Most Recent