အင်းအမျိုးသားအဖွဲ့ချုပ်ပါတီက အထွေထွေရွေးကောက်ပွဲတွင် အင်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးနေရာ အပါအဝင် ညောင်ရွှေမြို့နယ်နှင့် တောင်ကြီးမြို့နယ်၌ မဲဆန္ဒနယ်ငါးနေရာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်ဝင်းက ပြောကြားသည်။
အင်းအမျိုးသားအဖွဲ့ချုပ်ပါတီသည် ညောင်ရွှေမြို့နယ်တွင် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် (၁) နှင့် အမှတ် (၂) ၊ တောင်ကြီးမြို့နယ်တွင် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် (၁) နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ အင်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးနေရာတို့အား ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
“ ကျွန်တော်တို့က အောက်ကြေးပေ့ါဗျာ။ သူများပါတီတွေက အသာစီးနေတာ၊ အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ရှိတယ်။ ကျွန်တော်တို့က အင်းအမျိုးသားအဖွဲ့ချုပ် ပါတီပေ့ါ။ တောင်ကြီးနဲ့ ညောင်ရွှေတို့မှာ အားလုံးငါးနေရာပေါ့။ ကျွန်တော်တို့ ပါတီသက်တမ်းကခြောက်လ၊ COVID ကာလသုံးလကို နှုတ်လိုက်ရင်သုံးလပဲ ဘာမှပြင်ဆင်ချိန်တောင် မရသေးဘူး။ လူစုလူဝေး မလုပ်ရဘူးဆိုတော့ တွေ့ဆုံပွဲလုပ်ဖို့ ခက်ခဲနေတာပေ့ါ။ ရွာတွေထဲ ကြိုကြားတွေသွားပြီး ပြောရတာပေ့ါ။ ပါတီရုံးဖွင့်တာတွေ အစီအစဉ်လေးတွေတော့ ရှိတာပေ့ါ။ ပါတီဝင်အင်အားက တစ်ထောင်ဝန်းကျင်လောက်ပဲ ရှိမှာပေ့ါ။ ကောင်းမယ်လို့တော့ တွက်ဆထားတာပေ့ါ” ဟု ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်ဝင်းက ပြောကြားသည်။
အင်းတိုင်းရင်းသားအဖွဲ့ချုပ်နှင့် အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကို တစ်ပါအဖြစ်ပေါင်းစည်းရန် အင်းတိုင်းရင်းသားအဖွဲ့ချုပ်ပါတီအား ဖျက်သိမ်း၍ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီတွင် နှစ်ပါတီကိုယ်စားလှယ်များနှင့် ပါတီသစ်အား စိတ်ဝင်စာသူများ ပါဝင်သည်အစုအဖွဲ့သုံးစုဖြင့် အင်းအမျိုးသား ဖွံ့ဖြိုးရေးတိုးတက်ရေးပါတီကို ပြန်လည်ဖွဲ့စည်းခဲ့သော်လည်း အလုပ်အမှုဆောင် ရွေးချယ်ရေးတွင် သဘောထားကွဲလွဲရာမှ ဦးအောင်ကြည်ဝင်းက ၂၀၁၉ ခုနှစ် မတ်လတွင် ပါတီမှ ပြန်လည်နှုတ်ထွက်ပြီး အင်းအမျိုးသားအဖွဲ့ချုပ်ပါတီကို ထပ်မံထူထောင်ခဲ့သဖြင့် အင်းတိုင်းရင်းသားပါတီ နှစ်ခုဖြစ်နေခြင်း ဖြစ်သည်။
အင်းအမျိုးသားအဖွဲ့ချုပ်ပါတီသည် ၂၀၂၀ ပြည့်နှစ်တွင် စတင်ဖွဲ့စည်းဆောင်ရွက်ခြင်းဖြစ်သဖြင့် ပါတီသက်တမ်းခြောက်လသာ ရှိသေးပြီး၊ COVID ကာလအတွင်း လူစုလူဝေး ဆောင်ရွက်ခွင့်မရသဖြင့် ပါတီ စည်းရုံးရေးကိစ္စများ ဆောင်ရွက်ရန် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း ဦးအောင်ကြည်ဝင်းက ဆိုသည်။
၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီသည် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် နှစ်နေရာ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်နေရာနှင့် အင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး တစ်နေရာ စုစုပေါင်း လေးနေရာ အနိုင်ရရှိခဲ့ပြီး၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အင်းတိုင်းရင်းသားအများစုနေထိုင်သည့် မဲဆန္ဒနယ်များတွင် NLD ပါတီက အနိုင်ရရှိခဲ့သည်။















