အထွေထွေရွေးကောက်ပွဲတွင် ကယားပြည်နယ် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်များ၌ ကယန်းတိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ထည့်သွင်းသတ်မှတ်ပေးရန် ကယန်းအမျိုးသားညီညွှတ်ရေး ဦးဆောင်ကော်မတီ တောင်းဆို

အထွေထွေရွေးကောက်ပွဲတွင် ကယားပြည်နယ် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်များ၌ ကယန်းတိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ထည့်သွင်းသတ်မှတ်ပေးရန် ကယန်းအမျိုးသားညီညွှတ်ရေး ဦးဆောင်ကော်မတီ တောင်းဆို
၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ကယားပြည်နယ် ဘောလခဲမြို့နယ်ရှိ မဲရုံတစ်ရုံတွင် မဲပေးရန် စောင့်ဆိုင်းနေသူများကို တွေ့ရစဉ်
၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ကယားပြည်နယ် ဘောလခဲမြို့နယ်ရှိ မဲရုံတစ်ရုံတွင် မဲပေးရန် စောင့်ဆိုင်းနေသူများကို တွေ့ရစဉ်
Published 4 July 2020
မခိုင်

အထွေထွေရွေးကောက်ပွဲအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်သည့် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်များတွင် ကယားပြည်နယ်၌ ဗမာတိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်သာပါဝင်ပြီး ကယန်း တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် (ကယန်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး) အား  ထည့်သွင်းသတ်မှတ်ပေးရန် ကယန်းအမျိုးသား ညီညွတ်ရေးဦးဆောင်ကော်မတီက ဇူလိုင် ၃ ရက်တွင် သဘောထားထုတ်ပြန် တောင်းဆိုသည်။

ကယန်းအမျိုးသားညီညွတ်ရေးကော်မတီတွင် ကယန်းပြည်သစ်ပါတီ၊ ကယန်း အမျိုးသားပါတီ၊ ကယန်းစာပေနှင့် ယဉ်ကျေးမှုကော်မတီ၊ ကယန်းအမျိုးသမီး အစည်းအရုံး၊ ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့တို့ ပါဝင်သည်။ ကယားပြည်နယ် မဲဆန္ဒနယ် အမှတ် ၄ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောစိန်ထွန်းမှ လွှတ်တော်တွင် မေးမြန်းခဲ့သဖြင့် အမျိုးသားလွှတ်တော်ရုံး သုတေသနဌာန ပြည်သူ့ဆက်ဆံရေးနှင့် နိုင်ငံတကာ ဆက်ဆံရေးဌာနကြီးမှ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်တွင် ပြန်လည်ပေးပို့သည့် စာအရ ကယားပြည်နယ်တွင် ကယန်းလူဦးရေ ၆၉၉၁၀ ဦး ရှိကြောင်း သိရှိခဲ့ရသည်ဟု ကယန်းအမျိုးသား ညီညွတ်ရေးကော်မတီ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ 

ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက်အရ ကယန်းလူမျိုးများသည် ကယားပြည်နယ်တွင် မြန်မာနိုင်ငံလူဦးရေ၏ ၀ ဒသမ ၁ ရာနှုန်းကျော်ရှိသည့်အတွက် ကယန်းတိုင်းရင်းသားရေးရာ ဝန်ကြီးတစ်ဦး ရရှိရမည်ဖြစ်သော်လည်း လက်ရှိရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်သော ကယားပြည်နယ် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်တွင်  ကယန်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးမဲဆန္ဒနယ် သတ်မှတ်ထည့်သွင်းခြင်းမရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၆၁၊ ပုဒ်မခွဲ (ခ) ၌ တိုင်းဒေသကြီးများတွင် ထိုတိုင်းဒေသကြီးရရှိပြီးသော သို့မဟုတ် ထိုတိုင်းဒေသကြီးအတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုရရှိပြီးသော တိုင်းရင်းသား လူမျိုးများမှအပ ကျန်တိုင်းရင်းသားလူမျိုးများအနက် လျော်ကန်သင့်မြတ်သော လူဦးရေဖြစ်သည့် နိုင်ငံတော်ရှိလူဦးရေ စုစုပေါင်း၏ ၀ ဒသမ ၁ ရာခိုင်နှုန်းနှင့်အထက်ရှိကြောင်း သက်ဆိုင်ရာက သတ်မှတ်သော တိုင်းရင်းသားလူမျိုးအသီးသီးက လူမျိုးတစ်မျိုးလျှင် တစ်ဦးကျစီရွေးကောက်တင်မြှောက်သည့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များဟုလည်းကောင်း၊ ပုဒ်မ ခွဲ (ဂ) ၌ ပြည်နယ်များတွင် ထိုပြည်နယ်ရရှိပြီးသော သို့မဟုတ် ထိုပြည်နယ်အတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုရရှိပြီးသော တိုင်းရင်းသား လူမျိုးများမှအပ ကျန်တိုင်းရင်းသား လူမျိုးများအနက် လျော်ကန်သင့်မြတ်သော လူဦးရေဖြစ်သည့် နိုင်ငံတော်ရှိ လူဦးရေစုစုပေါင်း၏ ၀ ဒသမ ၁ ရာခိုင်နှုန်းနှင့်အထက် ရှိကြောင်း သက်ဆိုင်ရာက သတ်မှတ်သော တိုင်းရင်းသားလူမျိုးအသီးသီးက လူမျိုးတစ်မျိုးလျှင် တစ်ဦးကျစီ ရွေးကောက်တင်မြှောက်သည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဟု ပြဋ္ဌာန်းထားသည်။

ထို့ကြောင့် လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်သော ကယားပြည်နယ် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်တွင် ကယန်းတိုင်းရင်းသား လူမျိုးမဲဆန္ဒနယ် ထည့်သွင်းသတ်မှတ်ပေးထားခြင်း မရှိသည့်အတွက် ပြင်းထန်စွာ ကန့်ကွက်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

သို့ဖြစ်၍ ကယားပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန (လဝက) အနေဖြင့် ကယားပြည်နယ်အတွင်းရှိ တိုင်းရင်းသားအသီးသီး၏ လူဦးရေ စာရင်းအမှန်ကို တရားဝင်အချိန်မီ ထုတ်ပြန်ပေးရန်နှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် လက်ရှိဖော်ပြထားသော ကယားပြည်နယ်အတွင်း တိုင်းရင်းသားရေးရာဝန်ကြီး မဲဆန္ဒနယ်များကို ပြန်လည်ပြင်ဆင်သတ်မှတ်ပေးရန် တောင်းဆိုကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ကယားပြည်နယ်တွင် ကယန်းတိုင်းရင်းသားများမှာ ပထမအများဆုံးဖြစ်သည့် ကယားမျိုးနွယ်စုပြီးနောက် ဒုတိယအများဆုံးနေထိုင်ကြသော မျိုးနွယ်စုများဖြစ်ပြီး ခေတ်အဆက်အဆက် နိုင်ငံရေးလှုပ်ရှားမှုများတွင် ရှေ့တန်းမှပါဝင်ခဲ့ကြသော သမိုင်းကြောင်းများ ရှိသည်ဟု သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ဇွန် ၂၉ ရက်တွင်ထုတ်ပြန်ခဲ့သည့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ၂၉ ခုတွင် ကယားပြည်နယ်အတွင်း ဗမာတိုင်းရင်းသား လူမျိုးမဲဆန္ဒနယ်သာပါဝင်ပြီး ရှမ်းပြည်နယ်လွှတ်တော် တိုင်းရင်းသား လူမျိုးမဲဆန္ဒနယ်များတွင် ကယန်း (ခ) ပဒေါင် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ပါဝင်သည်။

Most Read

Most Recent