မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ယခင်က လူငယ်လိဂ်ပြိုင်ပွဲများကို အချိန်နှင့် ဘတ်ဂျက်အနေအထားများကြောင့် ကျင်းပရန် မဖြစ်နိုင်တော့ဟု ထုတ်ပြန်ခဲ့သော်လည်း နောက်ပိုင်းမှ ပြန်လည်ကျင်းပရန် ဆုံး ဖြတ်ခဲ့ခြင်းဖြစ်သည်။
မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် လူငယ်လိဂ်ပြိုင်ပွဲကျင်းပမည့်အစီအစဉ်၊ ပြိုင်ပွဲကျင်းပမည့်ပုံစံများနှင့်ပတ်သက်၍ ယခုတစ်ပတ်အတွင်း ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ယခင်က လူငယ်လိဂ်ပြိုင်ပွဲများကို အချိန်နှင့် ဘတ်ဂျက်အနေအထားများကြောင့် ကျင်းပရန် မဖြစ်နိုင်တော့ဟု ထုတ်ပြန်ခဲ့သော်လည်း နောက်ပိုင်းမှ ပြန်လည်ကျင်းပရန် ဆုံး ဖြတ်ခဲ့ခြင်းဖြစ်သည်။ မြန်မာနေရှင်နယ်လိဂ် ကော်မတီသည် လူငယ်လိဂ်ပြိုင်ပွဲများကျင်းပရန် ကလပ်အသင်းတာဝန်ရှိသူများနှင့် တွေ့ ဆုံဆွေးနွေးခဲ့ပြီး တစ်ကျော့တည်းစနစ်ဖြင့်သာ ပြောင်းလဲကာ စက်တင်ဘာမှ အောက်တိုဘာအတွင်း အပြီးကျင်းပဖွယ်ရှိကြောင်း သိရသည်။
မြန်မာနေရှင်နယ်လိဂ်ကော်မတီ သည် လူငယ်လိဂ်ပြိုင်ပွဲများ ပြန်လည်ကျင်းပရန် ပုံစံသုံးခုဖြင့် ကလပ်အသင်းများနှင့် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။ ယခုရာသီအစတွင် MNL ယူ-၂၁ လိဂ်ပြိုင်ပွဲက ၁၉ သင်း၊ ယူ-၁၉ လိဂ်ပြိုင်ပွဲ၌အသင်း ၂၀ ဝင်ရောက်ယှဉ် ပြိုင်နေသော်လည်း ဇွဲကပင်နှင့် ချင်းယူနိုက် တက်အသင်းတို့မှာ ဖျက်သိမ်းသွားပြီဖြစ်သောကြောင့် လိဂ်နှစ်ခုစလုံးတွင် ယင်းနှစ်သင်း၏ ရလဒ်များကိုပယ်ဖျက်ကာ လက်ကျန်ပွဲများသာ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။
ထို့ကြောင့် MNL ယူ-၂၁ ပြိုင်ပွဲတွင် တစ်သင်း လျှင် ရှစ်ပွဲ၊ MNL ယူ-၁၉ ပြိုင်ပွဲတွင် တစ်သင်း လျှင် ကိုးပွဲ ထပ်မံကစားရမည်ဖြစ်ပြီး အသင်း အချို့မှာမူ ရွှေ့ဆိုင်းထားသည့်ပွဲအချို့ ထပ်မံ ကစားရမည်ဖြစ်သည်။ MNL ယူ-၂၁ ပြိုင်ပွဲ မှာ ပွဲစဉ် (၁၁)၊ ယူ-၁၉ ပြိုင်ပွဲမှာမူ ပွဲစဉ် (၁၀) အပြီးတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရပ်နားထားခြင်းဖြစ်သည်။
ဇွန် ၂၂ ရက်က ပြုလုပ်သည့် အစည်းအဝေးတွင် MNL ကလပ်အသင်းအချို့မှာ လူငယ်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုတော့ဟု တရားဝင်ထုတ်ပြန်ခဲ့သော်လည်း မြန်မာနေရှင်နယ်လိဂ်ကော်မတီအနေဖြင့် လက်ကျန်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အသင်းပိုင်ရှင်များနှင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ လိဂ်ကော်မတီအစည်းအဝေးတွင် လူငယ်လိဂ်ပြိုင်ပွဲများ ကျင်းပနိုင်ရန် မဖြစ်နိုင်တော့ဟု ထုတ်ပြန်ခဲ့သောကြောင့် ကလပ်အသင်းအချို့မှာ လူငယ်အသင်းများ ပြန်လည်ပြင်ဆင်ရာတွင် အခက်အခဲများရှိ နေကြောင်း သိရသည်။















