လစ်ဗျားတွင် တူရကီ၏စစ်ရေး ကြားဝင်မှုကို ပြင်သစ်က သည်းခံမည်မဟုတ်ကြောင်း သမ္မတ အီမန်နျူရယ်မက်ခရွန်က ဇွန် ၂၂ ရက်တွင် ပြောကြားခဲ့ပြီး နေတိုး၏ အဓိကအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံသည် အန္တရာယ်ရှိသော ကစားနည်းတစ်ခုကို ကစားနေသည်ဟု စွပ်စွဲခဲ့သည်။
လစ်ဗျားအရှေ့ခြမ်းကို အုပ်ချုပ်နေသည့် စစ်ဘုရင် ခါလီဖာဟက်ဖ်တာ၏ တစ်နှစ်ကြာ အပြင်းအထန်တိုက်ခိုက်မှုကို တွန်းလှန်နေသည့် ထရီပိုလီအခြေစိုက်အစိုးရကို ကူညီရန်အတွက် တူရကီက လေကြောင်းအထောက်အကူ၊ လက်နက်များနှင့် ဆီးရီးယားမှတိုက်ခိုက်ရေးသမားများကို ဖြည့်ဆည်းပေးခြင်းဖြင့် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း လစ်ဗျားအရေးတွင် ပြတ်ပြတ်သားသား ကြားဝင်ခဲ့သည်။
“သမ္မတ အာဒိုဂန်ကို ရှင်းရှင်းလင်းလင်းပြောဖို့ ကျွန်တော့်မှာ အခွင့်အရေးရှိထားပြီးသားပါ။ မျက်မှောက်မှာ တူရကီက လစ်ဗျားအရေးမှာ အန္တရာယ်ရှိတဲ့ ကစားနည်းတစ်ခုကို ကစားနေပြီး ဒီနှစ်အစောပိုင်းမှာ ဘာလင် ညီလာခံမှာပေးခဲ့တဲ့ ကတိကဝတ်တွေအားလုံးကို ချိုးဖောက်နေတယ်လို့ သုံးသပ်တယ်” ဟု မက်ခရွန်က တူနီးရှားသမ္မတ Kais Saied နှင့် ပါရီတွင် တွေ့ဆုံခဲ့ပြီးနောက် ပြောကြားခဲ့သည်။
လစ်ဗျားတွင် တူရကီပါဝင်ပတ်သက်သည့် အခန်းကဏ္ဍကို သည်းခံမည်မဟုတ်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။ တူရကီသည် လစ်ဗျားပဋိပက္ခတွင် ကုလသမဂ္ဂအသိအမှတ်ပြု ညီညွတ်ရေးအစိုးရ (GNA) ကို ထောက်ခံခဲ့သည်။
တူရကီ၏ကူညီမှုသည် ယူအေအီး၊ အီဂျစ်နှင့် ရုရှားတို့ ထောက်ခံသည့် ဟက်ဖ်တာ၏ လစ်ဗျားအမျိုးသားတပ်မတော်(LNA) ကို ခုခံတိုက်ခိုက်နေသည့် ထရီပိုလီအစိုးရအတွက် နိုင်ငံအနောက်ပိုင်းနှင့် မြို့တော်ကို လုံခြုံမှုရှိစေသည်ဟု ထင်မှတ်ရသည်။
အစ္စလာမ္မစ်စစ်သွေးကြများကို တိုက်ခိုက်ရန်အတွက် ဟက်ဖ်တာကို ယခင်က စစ်ဘက်ဆိုင်ရာ အကူအညီပေးခဲ့ဖူးသည့် ပြင်သစ်သည် ဟက်ဖ်တာကို နိုင်ငံရေးအရပံ့ပိုးပေးနေသည်ဟု စွပ်စွဲခံခဲ့ရသည်။ ပြင်သစ်ကမူ ယင်းစွပ်စွဲချက်များကို ငြင်းဆိုခဲ့ပြီး လစ်ဗျားပဋိပက္ခတွင် ကြားနေဖြစ်ကြောင်း ခုခံပြောကြားခဲ့သည်။
လစ်ဗျားတွင် ဖြစ်နေသည့် အကျပ်အတည်းနှင့် ပတ်သက်ပြီး ဇွန် ၂၂ ရက် အစောပိုင်းတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် ဖုန်းဆက်ဆွေးနွေးခဲ့ရာတွင် မက်ခရွန်က လစ်ဗျားတွင် ရုရှားကြေးစားစစ်သားများ၏ အခန်းကဏ္ဍကိုပြစ်တင်ဝေဖန်ခဲ့သော်လည်း တူရကီ၏ အခန်းကဏ္ဍကို အများဆုံးအာရုံ စိုက်ခဲ့သည်။
အီဂျစ်သမ္မတ ဖာတာအယ်လ်စီစီက လစ်ဗျားတွင် ကြားဝင်ရန် အခွင့်အရေးရှိကြောင်း အရိပ်အမြွက် ပြောကြားခဲ့မှုကို မေးမြန်းခဲ့မှုကို မက်ခရွန်က “အီဂျစ်ခေါင်းဆောင်မှာ စိုးရိမ်ပူပန်ဖို့အတွက် အကြောင်းတရား တွေရှိတယ်။ အီဂျစ်နယ်စပ်ကို တပ်ဖွဲ့ဝင်တွေ ရောက်လာတာကို မြင်တွေ့ရတဲ့အချိန်မှာ သမ္မတစီစီရဲ့ သဘာဝကျတဲ့ စိုးရိမ်ပူပန်မှုကို သတိပြုမိမှာပါ” ဟု မက်ခရွန်က ပြောကြားခဲ့သည်။ တူရကီကျောထောက်နောက်ခံပြု တပ်ဖွဲ့ဝင်များသည် အီဂျစ် နယ်စပ်အနီး စစ်ဆင်ရေးတွင် ပါဝင်ခြင်း ရှိ၊ မရှိ တိတိကျကျမသိရပေ။
တူရကီ၏ အခန်းကဏ္ဍသည် လစ်ဗျား၏ အကျိုးစီးပွား၊ လစ်ဗျား၏ အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းတစ်ခုလုံးနှင့် ဥရောပကိုပါ ခြိမ်းခြောက်နေသည်ဟု မက်ခရွန်က ပြောကြားခဲ့သည်။
“မျက်မှောက်မှာ နေ့စဉ်နေ့တိုင်း လစ်ဗျားက အမျိုးသားတွေနဲ့ အမျိုးသမီးတွေက ဒုက္ခအကျပ်အတည်းကနေ ဥရောပကို ထွက်ပြေးလာတာတွေကြောင့် ဒါဟာ ကျွန်တော်တို့ ကို သက်ရောက်မှုရှိတဲ့ မြေထဲပင်လယ်ဆိုင်ရာ အကြောင်းကိစ္စတစ်ခုပါ။ တူရကီက ဆီးရီးယားတိုက်ခိုက်ရေးသမားတွေကို လစ်ဗျားနိုင်ငံထဲကို ကာလကြာတင်သွင်းနေတာကို ကျွန်တော်တို့က ခွင့်ပြုမယ်ထင်နေလား” ဟု မက်ခရွန်က ပြောကြားခဲ့သည်။
ပြင်သစ်အတွက် ရှေးရိုးစွဲနှင့်ဘာသာရေးအဖွဲ့များကို သူလျှိုလုပ်သည်ဟု သံသယရှိမှုဖြင့် ပြင်သစ်နိုင်ငံသားလေးဦးကို တူရကီအစိုးရက ဖမ်းဆီးထားသည်ဟု တူရကီအစိုးရထောက်ခံသည့် သတင်းစာတွင် ဖော်ပြခဲ့ပြီးနောက် မက်ခရွန်က ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“ခြောက်လ ဒါမှမဟုတ် တစ်နှစ်၊ နှစ်နှစ်အတွင်းမှာ လစ်ဗျားရဲ့ အခြေအနေက လက်ရှိဆီးရီးယားရဲ့ အခြေအနေလိုမျိုး ဖြစ်မှာကို ကျွန်တော်မမြင်ချင်ဘူး” ဟုလည်း မက်ခရွန်က ပြောကြားခဲ့သည်။
ရေနံပေါကြွယ်ဝသည့် လစ်ဗျားနိုင်ငံသည် ကာလကြာအုပ်ချုပ်ခဲ့သည့် အာဏာရှင် ကဒါဖီကို ဖြုတ်ချခဲ့သည့် ၂၀၁၁ တော်လှန်ရေးဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မျိုးနွယ်စုအလိုက်စုဖွဲ့သည့် ပြည်သူ့စစ်များ၊ ဂျီဟတ်ဝါဒီများနှင့် ကြေးစားစစ်သားများပါဝင်သည့် အကြမ်းဖက်မှုကြောင့် အလွန်အမင်းပျက်စီးခဲ့သည်။ လစ်ဗျားအရှေ့ပိုင်းနှင့် အနောက်ပိုင်း စင်ပြိုင်အစိုးရများအကြား သဘောထားကွဲလွဲပြီး ပဋိပက္ခဖြစ်မှုတွင် ပြည်ပနိုင်ငံများ၏ ပါဝင်မှုမြင့် တက်လာစေခဲ့သည်။















