တရုတ်၏ ပိုမိုမြင့်တက်လာသည့် ရန်လိုမှုကို ရင်ဆိုင်နေရစဉ်အတွင်း ကာကွယ်ရေးစွမ်းရည် မြှင့်တင်မည့် ထိုင်ဝမ်အစိုးရက ပြည်တွင်းထုတ် လေ့ကျင့်ရေး ဂျက်လေယာဉ်တစ်စင်းကို ဇွန် ၂၂ တွင် ထုတ်ဖော်ပြသခဲ့သည်။
Brave Eagle ဟု အမည်ပေးထားသည့် ပြည်တွင်းထုတ် အဆင့်မြင့် လေ့ကျင့်ရေး ဂျက်လေယာဉ်အား ပထမဆုံးအကြိမ် လူထုကို စမ်းသပ်ပျံသန်းပြသည့် အခမ်းအနားသို့ သမ္မတ ဆန်အင်းဝမ် တက်ရောက်ခဲ့သည်။
ထိုင်ဝမ်၏ စစ်တပ်သည် အမေရိကန်ထုတ် လက်နက်များကို အများစု အသုံးပြုထားသော်လည်း သမ္မတ ဆန်အင်းဝမ်က ပြည်တွင်းထုတ် အဆင့်မြင့်ကာကွယ်ရေး လက်နက်များကို ဦးစားပေးထုတ်လုပ်ရန် တိုက်တွန်းခဲ့သည်။
နိုင်ငံပိုင် Aerospace Industrial Development ကော်ပိုရေးရှင်းက ဘတ်ဂျက် ဒေါ်လာ ၂.၃၂ ဘီလျံအသုံးပြုပြီး တည်ဆောက်ခဲ့သည့် AT-5 Brave Eagle ဂျက်လေယာဉ်သည် လွန်ခဲ့သည့်ဆယ်စုနှစ် သုံးခုကျော်တွင် လူထုကို ထုတ်ဖော်ပြသခဲ့သည့် F-CK-1 Ching-kuo တိုက်လေယာဉ်ပြီးလျှင် ထိုင်ဝမ်၏ ပထမဆုံး ပြည်တွင်းထုတ် ဂျက်လေယာဉ် ဖြစ်သည်။
ထိုင်ဝမ်တွင် နည်းပညာမရှိကြောင်း ယူဆနေကြသူများနှင့် ထိုင်ဝမ်သည် ၎င်း၏ကာကွယ်ရေး လိုအပ်ချက်များ ပြည့်မီရန်အတွက် ပြည်ပမှ ဝယ်ယူဖြည့်ဆည်းမှုကို အာရုံစိုက်သင့်ကြောင်း ပြောကြားခဲ့ကြသူများအား မှားယွင်းကြောင်းကို ထိုလေယာဉ်သစ်က သက်သေပြခဲ့သည်ဟု ဆန်ကထိုင်ဝမ်အလယ်ပိုင်း တိုင်ချန်မြို့၏ လေတပ်စခန်းတစ်ခုတွင် ပြောကြားခဲ့သည်။
“လေ့ကျင့်ရေးလေယာဉ်သစ်က အလုပ်အကိုင်အခွင့်အလမ်း ၂,၀၀၀ ကျော်ကို ဖန်တီးပေးခဲ့ရုံသာမက လေယာဉ်တည်ဆောက်မှုနည်းပညာ စွမ်းရည်ရဲ့ မျိုးဆက်သစ်တစ်ခုကို အတွေ့အကြုံတွေ ကမ်းပေးပြီး ပျိုးထောင်ပေးနိုင်မှာပါ” ဟု ဆန်က ပြောကြားခဲ့သည်။
ဇွန် ၂၁ ရက်သည် တရုတ်သမ္မတနိုင်ငံအတွက် နေ့ထူးနေ့မြတ်နှင့် ပြည်တွင်းလေယာဉ် ထုတ်လုပ်သည့် လုပ်ငန်းအတွင်း အရေးပါသည့် အထင်ကရနေ့ဖြစ်ကြောင်း ဆန်က ထိုင်ဝမ်၏ တရားဝင်အမည်ကို ရည်ညွှန်း၍ ပြောကြားခဲ့သည်။
AT-5 လေယာဉ်သည် Ching-kuo တိုက်လေယာဉ်တစ်စင်းဖြင့် ရံပြီး ၁၂ မိနစ်ကြာ ပျံသန်းခဲ့သည်။ ရှေ့ပြေးပုံစံ ထုတ်ဖော်ပြသခဲ့ပြီး တစ်နှစ်မပြည့်မီ ယင်းလေယာဉ်ကို ယခုလအစောပိုင်းတွင် ပထမဆုံးအကြိမ် စမ်းသပ်ပျံသန်းခဲ့့ပြီး ဖြစ်သည်။
ယင်းလေ့ကျင့်ရေး လေယာဉ်တွင် လက်နက်များ တပ်ဆင်နိုင်သည်။ ထိုင်ဝမ်၏ လေတပ်သည် ၂၀၂၆ ခုနှစ် မတိုင်မီ သက်တမ်းရင့် AT-3 နှင့် F-5 လေ့ကျင့်ရေး လေယာဉ်များနေရာတွင် လေယာဉ် ၆၆ စင်း အစားထိုးမည်ဖြစ်သည်။
ဒီမိုကရေစီဝါဒ အခြေခံသော ထိုင်ဝမ်ကျွန်းအနီး တရုတ်စစ်တပ်တပ်ဖြန့်ထားမှု အရှိန်မြင့်တက်နေစဉ် ယင်းလေယာဉ်ကို စမ်းသပ်ပျံသန်းခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် သီတင်းနှစ်ပတ်အတွင်း တရုတ်ဂျက်လေယာဉ်များသည် ထိုင်ဝမ်၏ လေကြောင်းကာကွယ်ရေးဇုန်အနီး ခုနစ်ကြိမ်ထက်မနည်း ပျံသန်းခဲ့ကြောင်း ၊ နောက်ဆုံးအကြိမ် ပျံသန်းမှုကို ဇွန် ၂၁ ရက်က ပြုလုပ်ခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ထိုင်ဝမ်တွင် အမေရိကန်ထုတ် F-16 လေယာဉ်၊ ပြင်သစ်ထုတ် Mirage 2000-5 လေယာဉ်နှင့် ပြည်တွင်းထုတ် ကာကွယ်ရေး တိုက်လေယာဉ်များ အပါအဝင် တိုက်လေယာဉ် ၃၀၀ ခန့်ရှိပြီး ယင်းလေယာဉ်အားလုံးကို ၁၉၉၀ ပြည့်လွန်နှစ်များ နောက်ပိုင်းတွင် အသုံးပြုခဲ့သည်။
ထိုင်ဝမ်သည် ပြီးခဲ့သည့်နှစ်တွင် ဆယ်စုနှစ်တစ်ခုကျော်အတွင်း ကာကွယ်ရေး အသုံးစရိတ် အများဆုံး အသုံံးပြုမှုကို ထုတ်ပြန်ခဲ့သည်။ ထိုင်ဝမ်အစိုးရသည် ပြည်တွင်းထုတ် ရေငုပ်သင်္ဘောများကို တည်ဆောက်ခဲ့သည်။
ဒီမိုကရေစီဝါဒ အခြေခံသော ထိုင်ဝမ်သည် တရုတ်၏ ကျူးကျော်မှု ခြိမ်းခြောက်မှုများနှင့် အမြဲတမ်း ကြုံတွေ့နေရသည်။ ကိုယ်ပိုင်အုပ်ချုပ်သည့်ကျွန်းကို တရုတ်က ၎င်း၏ပိုင်နက်တစ်ခုအဖြစ် ယူဆထားပြီး လိုအပ်ပါက တစ်နေ့နေ့တွင် အင်အားသုံးပြီး သိမ်းပိုက်မည်ဟု ထုတ်ပြန်ခဲ့သည်။
ထိုင်ဝမ်သည် “one China” ၏ အစိတ်အပိုုင်းတစ်ခုဆိုသည်ကို လက်ခံရန် ငြင်းဆိုသည့် ဆန်အင်းဝမ်သည် ၂၀၁၆ ခုနှစ်တွင် သမ္မတဖြစ်လာခဲ့ပြီးနောက် တရုတ်က ထိုင်ဝမ်အပေါ် စစ်တပ်၊ သံတမန်ရေးရာနှင့် စီးပွားရေး ဖိအားပေးမှုများ တိုးမြှင့်ခဲ့သည်။
ဆန်သည် ယခုနှစ် ဇန်နဝါရီက ကျင်းပသည့် ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့် ပြန်လည် ရွေးချယ်တင်မြှောက်ခံခဲ့ရသည်။
အမေရိကန်သည် ထိုင်ဝမ်အတွက် လက်နက်များ ဖြည့်ဆည်းပေးသည့် တရားမဝင်မဟာမိတ်အဖြစ် ဦးဆောင်နေဆဲဖြစ်သည်။ ဒေါ်နယ်ထရန့် အမေရိကန်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရပြီးနောက်ပိုင်းတွင် အမေရိကန်သည် ပိုမိုများပြားသည့် စစ်လက်နက်ပစ္စည်းများကို ရောင်းချရန် စိတ်အားထက်သန်နေသည်။
ထိုင်ဝမ်အတွက် ဒုံးများနှင့် သံချပ်ကာယာဉ်များအပါအဝင် အကြီးစား စစ်လက်နက်ပစ္စည်းများ ရောင်းချပေးမည်ဟု ထုတ်ပြန်ခဲ့ပြီး အချိန်တိုတွင်းမှာပင် နောက်ဆုံးမျိုးဆက် F-16 ၆၆ စင်း ရောင်းချပေးမည်ဟု ထရန့်အစိုးရက ပြီးခဲ့သည့်နှစ်တွင် ထုတ်ပြန်ခဲ့သည်။















