အမေရိကန်က တာလီဘန်နှင့် သဘောတူညီချက်အတိုင်း အာဖဂန်တွင် တပ်ဖွဲ့ဝင် အရေအတွက်ကို ၈၆၀၀ သို့ လျှော့ချ

အမေရိကန်က တာလီဘန်နှင့် သဘောတူညီချက်အတိုင်း အာဖဂန်တွင် တပ်ဖွဲ့ဝင် အရေအတွက်ကို ၈၆၀၀ သို့ လျှော့ချ
အာဖဂန်အရှေ့ပိုင်း နန်ဂါဟာပြည်နယ်တွင် စစ်ဆေးရေးဂိတ်တစ်ခု၌ အမေရိကန်စစ်သားများကို ၂၀၁၈ ခုနှစ် ဇူလိုင် ၇ တွင် တွေ့ရစဉ် (Photo: AFP)
အာဖဂန်အရှေ့ပိုင်း နန်ဂါဟာပြည်နယ်တွင် စစ်ဆေးရေးဂိတ်တစ်ခု၌ အမေရိကန်စစ်သားများကို ၂၀၁၈ ခုနှစ် ဇူလိုင် ၇ တွင် တွေ့ရစဉ် (Photo: AFP)
Published 19 June 2020
Ref: AFP, AP

တာလီဘန်စစ်သွေးကြွအဖွဲ့နှင့် ရရှိခဲ့ သော သဘောတူညီချက်၏တစ်စိတ်တစ်ပိုင်းအရ အမေရိကန်သည် အာဖဂန်နစ္စတန်တွင် တပ်စွဲထားသော တပ်ဖွဲ့ဝင်အရေအတွက်ကို  ၈၆၀၀ သို့ လျှော့ချခဲ့ကြောင်း ထိုဒေသတွင် အမေရိကန်တပ်ဖွဲ့များအား ကြီးကြပ်ရသော ဗိုလ်ချုပ်တစ်ဦးက ဇွန် ၁၈ တွင် ပြောကြားခဲ့သည်။

အမေရိကန်တပ်ဖွဲ့ဝင်များအား မည်သည့်အချိန်တွင် မည်သို့ ထပ်မံလျှော့ချမည်ကိုမူ အမေရိကန်၏ အလယ်ပိုင်းစစ်တိုင်းခေါင်းဆောင် ဗိုလ်ချုပ် ဖရန့်မက်ကင်ဇီးက မထုတ်ဖော်ခဲ့ပေ။

ထို ပြောကြားချက်ထွက်ပေါ်ခဲ့ပြီး နောက် တာလီဘန်အဖွဲ့က အနာဂတ်တွင် အနောက်တိုင်းအား တိုက်ခိုက်မှုများ ပြုလုပ်ရန်အတွက် အာဖဂန်ကိုအခြေပြုသည့် နေရာအဖြစ် အသုံးချနိုင်သည်ဆိုသော စိုးရိမ်မှုများကို ဇွန် ၁၉ တွင် ပယ်ချခဲ့သည်။

ပြီးခဲ့သောဖေဖော်ဝါရီတွင် တာလီဘန် အဖွဲ့နှင့် ရရှိခဲ့သည့်သဘောတူညီချက်အရ အမေရိကန်သည် အာဖဂန်ရှိ ၎င်းင်း၏တပ်ဖွဲ့ ဝင်အားလုံးကို လာမည့်နှစ် မေမတိုင်မီ အ လုံးစုံ ရုပ်သိမ်းပေးရမည်ဖြစ်သည်။ သို့သော်  ပြင်းပြသော ထိုကတိပြုမှုသည် တာလီဘန် အဖွဲ့၏ လုပ်ရပ်များကို မူတည်မည်ဖြစ်ကြောင်း မက်ကင်ဇီးက Aspen Institute  က ကမကထပြုလုပ်၍ ကျင်းပခဲ့သော အစည်းအဝေး တွင် ပြောကြားခဲ့သည်။

အမေရိကန်တပ်ဖွဲ့များသည် အာဖဂန် ပဋိပက္ခတွင် ကြပ်မတ်နေရုံသာဖြစ်သဖြင့် ၎င်းတို့အား ပြန်လည်ခေါ်ယူသင့်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အခိုင်အမာပြောကြားလျက် အာဖဂန်မှ အမေရိကန် တပ်ဖွဲ့ဝင်အားလုံးကို အပြည့်အဝ ပြန်လည် ရုပ်သိမ်းရန် စိတ်အားထက်သန်နေသည်။

တပ်ဖွဲ့ဝင်အရေအတွက် ၈၆၀၀ သို့လျှော့ချလိုက်သည့်ပမာဏကို ရည်ညွှန်းခြင်းမရှိဘဲ မက်ကင်ဇီးက မိမိတို့သည် ယခုအခါ ဖေဖော်ဝါရီတွင် ရရှိခဲ့သောသဘောတူညီချက် အတိုင်း လိုက်နာခဲ့ကြောင်းသာ ပြောကြားခဲ့သည်။ ထိုသဘောတူညီချက်အရ ဇူလိုင်လ လယ်ဖြစ်သည့် ရက်ပေါင်း ၁၃၅ ရက်အတွင်း အမေရိကန်က တပ်ဖွဲ့ဝင်အရေအတွက် ၈၆၀၀ သို့ လျှော့ချရမည်ဖြစ်သည်။ ထိုသဘော တူညီချက် ရရှိခဲ့သောအချိန်က အာဖဂန်၌ အမေရိကန်တပ်ဖွဲ့ဝင် ၁၂၀၀၀ ခန့်ကို တပ် စွဲထားသည်။

အမေရိကန်တပ်ဖွဲ့များအား အပြည့်အဝ ရုပ်သိမ်းမှုသည် ထိုသဘောတူညီချက်၏ သတ်မှတ်ချက်များ ပြည့်မီမှသာ ဖြစ်လာမည် ဖြစ်ကြောင်း မက်ကင်ဇီးက ပြောကြားခဲ့သည်။ ထိုသတ်မှတ်ချက်များတွင် အမေရိကန်အား တိုက်ခိုက်မှုများသည် အာဖဂန်မှ စတင်မှု မဖြစ်စေရန် ပါဝင်ကြောင်း၊ ယင်းသည် တာ လီဘန်အဖွဲ့တစ်ခုတည်းသာ မဟုတ်ဘဲ အယ်ကေးဒါးနှင့် ISIS တို့လည်း ပါဝင်ကြောင်း မက်ကင်ဇီးက အာဖဂန်တွင် ခိုလှုံ၍ လှုပ်ရှား နေသော အစွန်းရောက်အဖွဲ့များကို ရည် ညွှန်း၍ ပြောကြားခဲ့သည်။

တာလီဘန်အဖွဲ့သည် IS အဖွဲ့နှင့် မိတ်ဖက်များ မဟုတ်ကြောင်း၊ သို့သော် စက်တင်ဘာ ၁၁ အကြမ်းဖက်တိုက်ခိုက်မှုများတွင် တာဝန်ရှိသော အယ်ကေးဒါးအဖွဲ့အား ဆန့်ကျင်မှုကို တာလီဘန်အဖွဲ့က အပြောဖြင့် မဟုတ်ဘဲ လက်တွေ့လုပ်ပြရန် လိုအပ်ကြောင်း မက်ကင်ဇီးက ပြောကြားခဲ့သည်။

ဖေဖော်ဝါရီတွင် ရရှိခဲ့သောသဘောတူ ညီချက်၏ တစ်စိတ်တစ်ပိုင်းအရ အမေရိကန်အား တိုက်ခိုက်မှုပြုလုပ်ရန် သို့မဟုတ် စီစဉ်ရန် မည်သည့်အစွန်းရောက်အဖွဲ့ကိုမျှ အာဖဂန်အား အသုံးချခြင်းကို ခွင့်မပြုရန် တာလီဘန်အဖွဲ့က သဘောတူညီခဲ့သည်။

 

Most Read

Most Recent