ပွဲ(၂၀၀)ပြည့်မှာ လာလီဂါနိုင်ပွဲ(၉၀)ပြည့်မြောက်ခဲ့တဲ့ ရီးယဲလ်နည်းပြ ဇီဒန်း

ပွဲ(၂၀၀)ပြည့်မှာ လာလီဂါနိုင်ပွဲ(၉၀)ပြည့်မြောက်ခဲ့တဲ့ ရီးယဲလ်နည်းပြ ဇီဒန်း
Photos : Reuters, EPA, AFP
Photos : Reuters, EPA, AFP
Published 15 June 2020

ရီးယဲလ်မက်ဒရစ် ၃-၁ အီဘာ

ဇီဒန်းက ရီးယဲလ်နည်းပြဘဝ ပွဲ(၂၀၀)ပြည့်မှာ လာလီဂါနိုင်ပွဲ(၉၀)မြောက်ကို ရယူနိုင်ခဲ့ပါတယ်။ သွင်းဂိုး(၃)ဂိုးစလုံးကို ပထမပိုင်းမှာပဲ သွင်းယူခဲ့တာကြောင့် ရီးယဲလ်အသင်းရဲ့ လွယ်ကူတဲ့နိုင်ပွဲလို့ ဆိုနိုင်ပေမယ့် ခြေစွမ်းက အကောင်းကြီးတော့ မဟုတ်ခဲ့ပါဘူး။ အထူးသဖြင့် ပထမပိုင်းနဲ့ ဒုတိယပိုင်း စွမ်းဆောင်ရည်ချင်း သိသိသာသာခြားနားသွားခဲ့သလို၊ တစ်ပွဲလုံးမှာ ဂိုးကန်သွင်းခွင့် (၆)ကြိမ်သာ ရရှိခဲ့တာကလည်း ကျေနပ်စရာမှတ်တမ်း မဟုတ်ပါဘူး။

ဒီပွဲမှာ ပရိသတ်တွေ အဓိကစောင့်ကြည့်ခဲ့ကြတဲ့ ဟာဇက်ကတော့ ပုံစံကောင်းနဲ့ ပြန်လည်တာထွက်နိုင်ခဲ့ပါတယ်။ ဟာဇက်က ဖေဖော်ဝါရီလနောက်ပိုင်း ပထမ ဆုံးပြန်ကစားနိုင်ခဲ့တာဖြစ်ပြီး ကိုယ်တိုင်ဂိုးသွင်းယူ နိုင်ခြင်းမရှိခဲ့ပေမယ့် ရီးယဲလ်အသင်း ရရှိခဲ့တဲ့ (၃)ဂိုးစလုံးက သူနဲ့ ပတ်သက်ခဲ့ပါတယ်။ ဇီဒန်းက အတောင့်တင်းဆုံးလူစာရင်းကို ထုတ်သုံးခဲ့ပြီး တိုက်စစ် မှာ ဘန်ဇီမာ၊ ဟာဇက်နဲ့ ရိုဒရီဂိုတို့ကို တွဲပေးခဲ့ပါတယ်။ တစ်ပွဲလုံးအနေအထားအရ အကောင်းဆုံး ဦးဆောင်ကစားသွားနိုင်ခဲ့တာကတော့ တိုနီကရို့စ် ဖြစ်ပြီး အဖွင့်ဂိုးကိုလည်း (၄)မိနစ်မှာပဲ တိကျသပ်ရပ်တဲ့ကန်ချက်နဲ့ သွင်းယူပေးခဲ့ပါတယ်။

ဒုတိယဂိုးကို တော့ မိနစ်(၃၀)မှာ ရာမို့စ်က သွင်းယူခဲ့ပြီး ဟာဇက်က တစ်ကိုယ်ကောင်းမဆန်ဘဲ ထိုးပေးခဲ့တာပါ။ အဲဒီနောက် (၃၇)မိနစ်မှာ မာဆယ်လိုက အပြင်းကန်ချက်နဲ့ တတိယဂိုးထပ်သွင်းခဲ့ပါတယ်။ မာဆယ်လိုက ဒီရာသီလာလီဂါမှာ ရီးယဲလ်အသင်းအတွက် ဂိုးသွင်း ယူနိုင်တဲ့ (၁၉)ဦးမြောက်ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ အီဘာအသင်းရဲ့ ကစားပုံကောင်းလာသလို၊ ရီးယဲလ်ရဲ့ ကစားပုံကလည်း လျော့တိလျော့ရဲဖြစ်လာပါတယ်။ ဒါကြောင့် မိနစ်(၆၀)မှာ ဘီဟတ်စ်က တစ်ဂိုးပြန်သွင်းခဲ့ပြီး နောက်ပိုင်းမှာ ကစားသမားအပြောင်းအလဲတွေ လုပ်ခဲ့တဲ့ ရီးယဲလ်ရဲ့ကစားပုံ ပိုပျက်သွားခဲ့ပါတယ်။ ဂိုးထပ်မပေးရတာပဲ ကံကောင်းတယ်လို့ ဆိုရမှာပါ။

အခြားပွဲရလဒ်များ

ဘီလ်ဘာအို ၁-၁ အက်သလက်တီကို

ဆိုစီဒက် ၁-၁ အိုဆာဆူနာ

 

Most Read

Most Recent