စီရော်နယ်လ်ဒို ပယ်နယ်တီလွဲချော်ခဲ့ပေမယ့် အဝေးဂိုးနဲ့ ဗိုလ်လုပွဲတက်ခဲ့တဲ့ ဂျူဗင်တပ်စ်

စီရော်နယ်လ်ဒို ပယ်နယ်တီလွဲချော်ခဲ့ပေမယ့် အဝေးဂိုးနဲ့ ဗိုလ်လုပွဲတက်ခဲ့တဲ့ ဂျူဗင်တပ်စ်
Photos: EPA, AP & Reuters
Photos: EPA, AP & Reuters
Published 13 June 2020

■ ဂျူဗင်တပ်စ် ၀-၀ အေစီမီလန်

(နှစ်ကျော့ပေါင်း ၁-၁၊ အဝေးဂိုးဖြင့် ဂျူဗင်တပ်စ် ဗိုလ်လုပွဲတက်)

ကပ်ဘေးကာလအတွင်း ပြန်လည်စတင်ကစားခဲ့တဲ့ ကိုပါအီတလီယာဖလား ဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်မှာတော့ ဂျူဗင်တပ်စ်အသင်းဟာ အိမ်ကွင်းမှာ အေစီမီလန်အသင်းကို ဂိုးမရှိသရေသာ ကစားနိုင်ခဲ့ပေမယ့် အဝေးဂိုးနဲ့ ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့ပါတယ်။ 

အိမ်ရှင် ဂျူဗင်တပ်စ်အသင်းမှာ စီရော်နယ်လ်ဒို၊ ဒီဘားလား၊ ယာနစ်၊ မာတွီဒီ၊ ဒီလစ်၊ ဘူဖွန်တို့နဲ့ လူစုံပွဲထွက်ခဲ့ပြီး (၄-၃-၃) ကစားကွက်ကို အသုံးပြုခဲ့ပါတယ်။ အေစီမီလန်အသင်းမှာတော့ အီဘရာဟီမိုဗစ် ပါဝင်နိုင်ခြင်းမရှိဘဲ တိုက်စစ်မှာ ရယ်ဘစ်ကို အထောင်ထားကာ ကယ်ဟာနိုဂလူ၊ ကက်ဆီး၊ ပါကေတာတို့နဲ့ ပွဲထွက်ခဲ့တာပါ။ 

ဂျူဗင်တပ်စ်အသင်းဟာ ပွဲစကတည်းက အေစီမီလန်အသင်းကို ဖိကစားခဲ့ပြီး ဂိုးရဖို့အတွက် ကြိုးစားခဲ့သလို အခွင့်အရေးတွေလည်း ရရှိခဲ့တာပါ။ 

ပွဲချိန် (၁၆)မိနစ်မှာတော့ စီရော်နယ်လ်ဒိုတားဆီးဖို့ ကြိုးစားရာမှာ ပယ်နယ်တီဧရိယာအတွင်း အေစီမီလန်ကစားသမား လက်နဲ့ထိခဲ့တာကြောင့် VAR ကို ပြန်ကြည့်ကာ ဒိုင်လူကြီးက ဂျူဗင်တပ်စ်အသင်းကို ပယ်နယ်တီ ပေးခဲ့ပါတယ်။ အဲဒီပယ်နယ်တီကို စီရော်နယ်လ်ဒို ကန်သွင်းရာမှာ မဝင်ခဲ့လို့ ဂျူဗင်တပ်စ်တို့ နစ်နာခဲ့ပါတယ်။ 

အဲဒီနောက်မှာ ချက်ချင်းဆိုသလို ဂျူဗင်တပ်စ်နောက်ခံလူ ဒန်နီလိုကို ရယ်ဘစ် ပြစ်ဒဏ်ကျူးလွန်ခဲ့လို့ တိုက်ရိုက်အနီကတ်နဲ့ အထုတ်ခံခဲ့ရပါတယ်။

ပွဲချိန်(၁၆)မိနစ်လောက်ကတည်းက တစ်ယောက်အသာရသွားတဲ့ ဂျူဗင်တပ်စ်ဟာ ဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ ပထမပိုင်းမှာ (၀-၀)ဂိုးနဲ့ သရေကျနေခဲ့တာပါ။ 

ဒုတိယပိုင်းမှာလည်း ဂျူဗင်တပ်စ်အသင်းကပဲ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ အေစီမီလန်အသင်းကို ဖိကစားခဲ့တာပါ။ ဒါပေမဲ့ တိုက်စစ်မှာ စီရော်နယ်လ်ဒို ခြေစွမ်းမပြနိုင်လို့ ဂျူဗင်တပ်စ်တို့ ဂိုးရဖို့ ရုန်းကန်ခဲ့ရပါတယ်။ 

ဒါ့ပြင် ဂျူဗင်တပ်စ် ရရှိလာတဲ့ အခွင့်အရေးတွေကိုလည်း အေစီမီလန်နောက်တန်းနဲ့ ဂိုးသမား ဒွန်နာရမ်မာတို့ တားဆီးနိုင်ခဲ့တာကြောင့် ဂျူဗင်တပ်စ်အသင်း ဂိုးရဖို့ အခက်တွေ့ခဲ့ရပါတယ်။ တစ်ယောက်လျှော့နေတဲ့ အေစီမီလန်အသင်းကတော့ ဂျူဗင်တပ်စ်အသင်းရဲ့ တိုက်စစ်ကို ထိန်းရင်း တန်ပြန်တိုက်စစ်လောက်ပဲ ကစားနိုင်ခဲ့တာပါ။ 

ပွဲပြီးဆုံးချိန်အထိ ဂျူဗင်တပ်စ်တို့ တိုက်စစ်ဖွင့်ကစားခဲ့ပေမယ့် အေစီမီလန်ခံစစ်နဲ့ ဂိုးသမားကို ဘယ်လိုမှ မကျော်နိုင်တာကြောင့် (၀-၀)ဂိုးနဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။ 

ဂျူဗင်တပ်စ်အသင်းဟာ အေစီမီလန်ကွင်းမှာ ကစားခဲ့တဲ့ ပထမကျော့ပွဲစဉ်မှာ (၁-၁)ဂိုးနဲ့ သရေကျခဲ့တာကြောင့် အဝေးဂိုးနဲ့ ကိုပါအီတလီယာဖလား ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့ပါတယ်။ 

Most Read

Most Recent