ပရီးမီးယားလိဂ်မစတင်မီ ပြင်ဆင်မှုအဖြစ် ကလပ်အသင်းများ ခြေစမ်းပွဲကစားရန် ခွင့်ပြုချက်ရရှိ

ပရီးမီးယားလိဂ်မစတင်မီ ပြင်ဆင်မှုအဖြစ် ကလပ်အသင်းများ ခြေစမ်းပွဲကစားရန် ခွင့်ပြုချက်ရရှိ
Photos : Chelsea, Liverpool, Arsenal
Photos : Chelsea, Liverpool, Arsenal
Published 4 June 2020

ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြန်လည်မစတင်မီ အကြိုပြင်ဆင်မှုအဖြစ် ကလပ်အသင်းများ ခြေစမ်းပွဲကစားရန် ခွင့်ပြုချက်ရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

ပရီးမီးယားလိဂ်ကလပ်များသည် ပရိသတ်မပါဘဲ ကွင်းပိတ်ကစားရမည့်အခြေအနေနှင့် ကျင့်သားရစေရန်အတွက် ခြေစမ်းပွဲကစားခွင့်ပြုရန် တောင်းဆိုထားရာ ဇွန် ၂ ရက်တွင် ခွင့်ပြုချက်ရရှိခဲ့ခြင်းဖြစ်ကြောင်း The Telegraph သတင်းစာက ဖော်ပြသည်။

သို့သော် တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် Social Distancing ညွှန်ကြားချက်များလိုက်နာရမည့်အပြင် တင်းကျပ်သောစည်းကမ်းများလည်း သတ်မှတ်ထားကြောင်း သိရသည်။

ယင်းသတ်မှတ်ချက်အရ ခြေစမ်းပွဲကို အိမ်ကွင်း (သို့မဟုတ်) လေ့ကျင့်ရေးကွင်း၌ကစားခွင့်ရှိသော်လည်း မိနစ် ၉၀ ထက်ဝေးသော နေရာသို့ သွားလာခွင့်မရှိကြောင်း သိရသည်။

(မှတ်ချက် - နိုင်ငံမြောက်ပိုင်းဒေသရှိ နယူးကာဆယ်ကဲ့သို့ အသင်းများအတွက်မူ အထူးခွင့်ပြုချက်ပေးဖွယ်ရှိသည်။)

ထို့ပြင် ကစားသမားများသည် ခြေစမ်းပွဲကစားမည့်နေရာသို့ ကိုယ်ပိုင်ကားဖြင့်သာ သွားရမည်ဖြစ်သလို ပွဲကစားမည့် ဝတ်စုံကိုလည်း တစ်ခါတည်း ဝတ်ဆင်သွားရမည်ဖြစ်သည်။

တရားဝင် အသိအမှတ်ပြု ဒိုင်လူကြီးများ အသုံးပြုခွင့်မရှိဘဲ လေ့ကျင့်ရေးဝန်ထမ်းများက ဒိုင်အဖြစ် တာဝန်ယူဆောင်ရွက်မည်ဖြစ်သလို ပွဲကစားမည့်ကွင်းအား အန္တရာယ်ကင်းစေရန်လည်း ဆောင်ရွက်ထားရမည်ဖြစ်သည်။

အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှ လီဗာပူးလ်အသင်းသည် ဇွန် ၁ ရက်က ဝတ်စုံပြည့်ဖြင့် နှစ်ဖက်ခွဲ၍ ခြေစမ်းပွဲယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲကို ဇွန် ၁၇ ရက် တွင် ပြန်လည်စတင်မည်ဖြစ်ပြီး ပွဲကျန်နှစ်ပွဲ ဖြစ်သည့် မန်စီးတီး-အာဆင်နယ်၊ ဗီလာ-ရှက်ဖီးယူနိုက်တက် ပွဲစဉ်များ ကျင်းပမည်ဖြစ်သည်။

ပုံမှန်ရက်သတ္တပတ်ဖြစ်သည့် ပွဲစဉ် ၃၀ ကို ဇွန် ၁၉ ရက်မှ ၂၂ ရက်အတွင်း ကျင်းပမည်ဖြစ်ပြီး ဇွန် ၄ ရက် (ယနေ့) ပြုလုပ်မည့် ဆွေးနွေးပွဲတွင် ပွဲစဉ်များရေးဆွဲရေးကိစ္စကို ထည့်သွင်းဆွေးနွေးမည်ဖြစ်သည်။

ဇူလိုင် ၂၅-၂၆ ရက်သတ္တပတ်တွင် ရာသီပိတ်သိမ်းမည်ဖြစ်သောကြောင့် ပုံမှန်စနေ၊  တနင်္ဂနွေအပြင် ကြားရက်များတွင်ပါ ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ဇွန် ၂၃-၂၅ ရက်၊ ဇူလိုင် ၇-၉ ရက်၊ ဇူလိုင် ၁၄-၁၆ ရက်တွင် ကျင်းပရန် လျာထားကြောင်း သိရသည်။

ထို့ပြင် FA ဖလား ကွာတားဖိုင်နယ်ပွဲစဉ်များကို ဇွန် ၂၇-၂၈ ရက်၊ ဆီမီးဖိုင်နယ်ကို ဇူလိုင် ၁၈-၁၉ ရက်နှင့် ဗိုလ်လုပွဲကို သြဂုတ် ၁ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က အတည်ပြုထုတ်ပြန်ထားသည်။

သို့ဖြစ်ရာ ပရီးမီးယားလိဂ်အပြင်  ဖလားပြိုင်ပွဲပါ ယှဉ်ပြိုင်ရမည့်ကလပ်အသင်းများမှာ ခုနစ်ရက်အတွင်း ပွဲစဉ်သုံးပွဲအထိ ကစားရမည့်အခြေအနေ ရင်ဆိုင်ရဖွယ်ရှိနေကြောင်း The Guardian သတင်းဌာနက သုံးသပ်ဖော်ပြထားသည်။

 

Most Read

Most Recent