အောင်လအန်ဆန်နှင့် ဗစ်တာလီဘစ်ဒက်ရှ်တို့သည် ပြီးခဲ့သည့် ဧပြီလအတွင်း မစ်ဒယ်ဝိတ်တန်း ချန်ပီယံစိန်ခေါ်ပွဲ ထိုးသတ်ရန် စီစဉ်ထားသော်လည်း COVID-19 ရောဂါ အခြေအနေကြောင့် ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်ပြီး လက်ရှိအချိန်ထိလည်း အဆိုပါချန်ပီယံစိန်ခေါ်ပွဲ ကျင်းပမည့်ရက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရသည်။
ONE Championship ၏ ၀ိတ်တန်းနှစ်ခုချန်ပီယံ အောင်လအန်ဆန်က လက်ရှိတွင် ပြိုင်ပွဲများရပ်နားထားရသော်လည်း မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲ ထိုးသတ်ရန်အတွက် ကောင်းမွန်သော ကိုယ်အလေးချိန်၊ စိတ်ပိုင်းဆိုင်ရာနှင့် ကြံ့ခိုင်မှုပိုင်း ပိုင်ဆိုင်ထားသောကြောင့် မည်သည့်အချိန်တွင် ယှဉ်ပြိုင်ရသည်ဖြစ်စေ အဆင်သင့် ရှိနေကြောင်း ကြုံးဝါးပြောကြားခဲ့သည်။

" ဒီအချိန်မှာ အများဆုံးလုပ်ဖြစ်တာကတော့ လေ့ကျင့်တာနဲ့ မိသားစုကို အချိန်ပေးတာပါပဲ။ လက်ရှိမှာ မစ်ဒယ်ဝိတ်တန်းအတွက် ကောင်းမွန်တဲ့ကိုယ်အလေးချိန်၊ စိတ်ပိုင်းဆိုင်ရာ ခံစားမှု၊ ဒီဝိတ်တန်းအတွက် အကောင်းဆုံးဖြစ်မယ့် ကြံ့ ခိုင်မှုပိုင်းတွေ ရထားပါတယ်။ အားလုံးအဆင်သင့်ဖြစ်နေတဲ့ အနေအထားပါပဲ။ ဒီအချိန်မှာ မစ်ဒယ်ဝိတ်တန်း ကာကွယ်ပွဲကို ဘယ်နေရာမှာပဲ ထိုးရထိုးရ ကျွန်တော်က အဆင်သင့်ပါပဲ။ ဒီထက်ပိုကောင်းအောင်လည်း လေ့ကျင့် နေဦးမှာပါ" ဟု အောင်လအန်ဆန်က StartupDisrupt နှင့် ပြုလုပ်ခဲ့သော အင်တာဗျူးတွင် ထည့်သွင်းပြောကြားခဲ့သည်။

အောင်လအန်ဆန်သည် ၂၀၁၇ ခုနှစ် ဇွန်တွင် ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ်ကို အနိုင်ရကာ ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုရရှိခဲ့ခြင်းဖြစ်သည်။ အောင်လအန်ဆန်နှင့် ဗစ်တာလီဘစ်ဒက်ရှ်တို့သည် ပြီးခဲ့သည့် ဧပြီလအတွင်း မစ်ဒယ်ဝိတ်တန်း ချန်ပီယံစိန်ခေါ်ပွဲ ထိုးသတ်ရန် စီစဉ်ထားသော်လည်း COVID-19 ရောဂါ အခြေအနေကြောင့် ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်ပြီး လက်ရှိအချိန်ထိလည်း အဆိုပါချန်ပီယံစိန်ခေါ်ပွဲ ကျင်းပမည့်ရက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရသည်။ အောင်လအန်ဆန်သည် လက်ရှိအချိန်အထိ ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုအတွက် ကာကွယ်ပွဲစုစုပေါင်း (၃) ပွဲ ယှဉ်ပြိုင်ထိုးသတ်ရာ (၃)ပွဲစလုံး အနိုင်ရထားသည်။















