ဟန်ဆီဖလစ်ခ်လက်ထက် ၁၈ ပွဲကစား ၁၅ ပွဲအနိုင်ရပြီး ဂွါဒီယိုလာပြီးလျှင် ရလဒ်အကောင်းဆုံးဖြစ်နေ

ဟန်ဆီဖလစ်ခ်လက်ထက် ၁၈ ပွဲကစား ၁၅ ပွဲအနိုင်ရပြီး ဂွါဒီယိုလာပြီးလျှင် ရလဒ်အကောင်းဆုံးဖြစ်နေ
Published 28 May 2020

ဘိုင်ယန်မြူးနစ်အသင်းသည် နည်းပြ ဟန်ဆီဖလစ်ခ်လက်ထက်တွင် ၁၈ ပွဲကစား ၁၅ ပွဲအထိ အနိုင်ရထားပြီး ၎င်းအနေဖြင့် နည်းပြဟောင်း ဂွါဒီယိုလာပြီးလျှင် အဖွင့်ရလဒ်အကောင်းဆုံးနည်းပြ ဖြစ်လာကြောင်း သိရသည်။

ဟန်ဆီဖလစ်ခ်သည် နည်းပြဟောင်း နီကိုကိုဗက်ကို ထုတ်ပယ်ပြီးနောက် နိုဝင်ဘာ တွင် ယာယီနည်းပြအဖြစ် စတင်ခန့်အပ်ခံရပြီး ၎င်းလက်ထက် ဘွန်ဒစ်လီဂါ၊ ချန်ပီယံလိဂ်နှင့် ဂျာမန်ဖလားပြိုင်ပွဲ စုစုပေါင်း ၁၈ ပွဲယှဉ် ပြိုင်ကစားရာတွင် ၁၅ ပွဲအနိုင်ရကာ တစ်ပွဲသရေ၊ နှစ်ပွဲရှုံးနိမ့်ထားသည်။

ယင်းရလဒ်မှာ ၂၀၁၃-၂၀၁၄ ရာသီတွင် ဂွါဒီယိုလာစတင် ကိုင်တွယ်စဉ် ပထမဆုံး ၁၈ ပွဲကစားပြီးနောက် ၁၆ ပွဲအနိုင်ရသည့်မှတ်တမ်းပြီးလျှင် အဖွင့်ရလဒ်အကောင်းဆုံး ဘိုင်ယန်မြူးနစ်နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။

ဘိုင်ယန်မြူးနစ်အသင်းသည် မေ ၂၆ ရက် ညပိုင်းက ချန်ပီယံဆုအတွက် အဓိကပြိုင်ဘက် ဒေါ့မွန်အသင်းနှင့် ယှဉ်ပြိုင်ကစားရာ အဝေးကွင်း၌ (၁-၀) ဂိုးဖြင့် အနိုင်ရခဲ့သည်။

ယင်းပွဲရလဒ်ကြောင့် ၂၈ ပွဲကစား ၆၄ မှတ်ရထားသည့် ဘိုင်ယန်မြူးနစ်အသင်းအနေဖြင့် လက်ကျန်ခြောက်ပွဲအလိုတွင် ဒေါ့မွန်အသင်းကို ခုနစ်မှတ်ဖြတ်ထားနိုင်ပြီဖြစ်သလို ဘွန်ဒစ်လီဂါ ချန်ပီယံဆုကို ရှစ်ကြိမ်ဆက်ရရှိရန် အလား အလာကောင်းနေပြီဖြစ်သည်။

သို့သော် ဟန်ဆီဖလစ်ခ်က ဒေါ့မွန်အသင်းကို အနိုင်ရခြင်းမှာ အရေးပါသည့်ခြေလှမ်းဖြစ်သော်လည်း ချန်ပီယံဆုအကြောင်းပြောရန် စောသေးကြောင်း ပြောကြားသည်။

''ဒါက အရေးပါတဲ့ နိုင်ပွဲတစ်ပွဲပါ။ ကျွန်တော်တို့အနေနဲ့ ကြီးမားတဲ့ခြေလှမ်းတစ်ရပ် ရှေ့ကိုလှမ်းနိုင်ခဲ့တာပါ။ နည်းပြဘဝ ပထမဆုံးဆုဖလား ရတော့မှာလားဆိုတာကတော့ ကျွန်တော်က အနာဂတ်အကြောင်း အရမ်းတွေးတတ်တဲ့ နည်းပြတစ်ယောက်မဟုတ်ပါဘူး။ အခုအချိန်မှာ ခုနစ်မှတ်အသာရထားတဲ့ ခံစားချက်ကတော့ ကောင်းပါတယ်။ ဆောင်းရာသီအားလပ်ရက်မတိုင်ခင်မှာ ကျွန်တော်တို့က သူတို့နောက် လေးမှတ်အကွာမှာရှိနေခဲ့ပေမဲ့ ဒီနှစ်ထဲမှာ အောင်မြင်တဲ့ပုံစံအပြင် လှပတဲ့ကစားဟန်ရရှိအောင် ကစားနိုင်ခဲ့ပါတယ်။ ပြန်ကစားတဲ့ သုံးပွဲစလုံးကို တူညီတဲ့ပုံစံနဲ့ ချဉ်းကပ်ခဲ့တာက အောင်မြင်မှုအတွက် အဓိကလိုအပ်ချက်ဆိုတာ ကျွန်တော်တို့အားလုံး သိပါတယ်။ စိတ်ချရတဲ့အခြေအနေဖြစ် ပြီဆိုရင်တော့ ချန်ပီယံဆုအကြောင်း ပြောလို့ ရပါပြီ။ ဒါပေမဲ့ အခုလောလောဆယ်တော့ အဲဒီအကြောင်းမပြောသေးပါဘူး''ဟု ဟန်ဆီဖလစ်ခ်က ဆိုသည်။

ဒေါ့မွန်အသင်းနည်းပြ လူစီယန်ဖာကလည်း ခြောက်ပွဲအလိုတွင် ခုနစ်မှာကွာဟသွားသဖြင့် ချန်ပီယံပြိုင်ဆိုင်မှုအတွက် အလွန်ခက်ခဲသွားပြီဖြစ်ကြောင်း ဝန်ခံပြောကြားသည်။

 

 

Most Read

Most Recent