ညောင်ဦးလေဆိပ်ကို စင်းလုံးငှားလေယာဉ်များဆင်းသက်နိုင်မည့် လေဆိပ်အဖြစ် အဆင့်မြှင့်တင်ခဲ့ပြီး သံတွဲ (ငပလီ-မဇင်) လေဆိပ်အား နိုင်ငံတကာခရီးစဉ်ပျံသန်းသည့် လေယာဉ်များ ဝင်ရောက်ထွက်ခွာနိုင်မည့် Custom Aerodrome လေဆိပ်အဖြစ် အဆင့်မြှင့်တင်မည်

ညောင်ဦးလေဆိပ်ကို စင်းလုံးငှားလေယာဉ်များဆင်းသက်နိုင်မည့် လေဆိပ်အဖြစ် အဆင့်မြှင့်တင်ခဲ့ပြီး သံတွဲ (ငပလီ-မဇင်) လေဆိပ်အား နိုင်ငံတကာခရီးစဉ်ပျံသန်းသည့် လေယာဉ်များ ဝင်ရောက်ထွက်ခွာနိုင်မည့် Custom Aerodrome လေဆိပ်အဖြစ် အဆင့်မြှင့်တင်မည်
 စင်းလုံးငှားလေယာဉ်များ ဆင်းသက်နိုင်မည့် လေဆိပ်အဖြစ် အဆင့်မြှင့်တင်ခဲ့သည့် ညောင်ဦးလေဆိပ်အားတွေ့ရစဉ်
စင်းလုံးငှားလေယာဉ်များ ဆင်းသက်နိုင်မည့် လေဆိပ်အဖြစ် အဆင့်မြှင့်တင်ခဲ့သည့် ညောင်ဦးလေဆိပ်အားတွေ့ရစဉ်
Published 27 May 2020
          ရွှန်းလဲ့ဝင်း

ညောင်ဦးလေဆိပ်ကို စင်းလုံးငှားလေ ယာဉ်များဆင်းသက်နိုင်မည့် လေဆိပ်အဖြစ် အဆင့်မြှင့်တင်ခဲ့ပြီး သံတွဲ (ငပလီ-မဇင်) လေဆိပ်အား နိုင်ငံတကာခရီးစဉ်ပျံသန်းသည့် လေယာဉ်များ ဝင်ရောက်ထွက်ခွာနိုင်မည့် Custom Aerodrome လေဆိပ်အဖြစ် အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ပြောကြားချက်အရ သိရသည်။

မေ ၂၅ ရက်ကကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်က မေးမြန်းသည့် မေးခွန်းအား ပြည်ထောင်စုဝန်ကြီးက ယင်းသို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

“သံတွဲ(ငပလီ-မဇင်) လေဆိပ်ကို ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်အထိ တိုးချဲ့တည်ဆောက်ခြင်းတွေ ဆောင်ရွက်ခဲ့ပြီး Custom Aerodrome လေဆိပ်အဖြစ် အဆင့်မြှင့်တင်ဖို့အတွက် နှစ်အလိုက် ရန်ပုံငွေရရှိမှုပေါ်မူတည်ပြီး ဦးစားပေးလုပ်ငန်းတွေ ဆောင်ရွက်သွားရမှာဖြစ်လို့ ၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ် နောက်ပိုင်းမှသာ Custom Aerodrome လေဆိပ်အဖြစ် သတ်မှတ်ဖို့ ဖြစ်နိုင်ချေရှိပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြောကြားသည်။

လက်ရှိတွင်ဟဲဟိုးနှင့် မော်လမြိုင်လေဆိပ်နှစ်ခုအား အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ခွင့်ရ KBZ Group နှင့် Hinthar Group ကုမ္ပဏီတို့နှင့် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတို့ သဘောတူစာချုပ် ချုပ်ဆိုသွားမည်ဖြစ်သည်။

ပြည်တွင်းလေဆိပ်များဖြစ်သည့် ဟဲဟိုး၊ ကော့သောင်းနှင့် မော်လမြိုင် ပြည်တွင်းလေ ဆိပ်သုံးခုအား ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင် ရွက်နောက်ဆုံးအဆင့် တင်ဒါအားရွေးချယ်ခဲ့ ခြင်းဖြစ်သည်။ ယင်းသို့ တင်ဒါရွေးချယ်ခဲ့ရာတွင် ဟဲဟိုးလေဆိပ်အား KBZ Group၊ မော်လမြိုင်လေဆိပ်အား Hinthar Group၊ ကော့သောင်းလေဆိပ်အား Golden Myanmar Airlines Public ကုမ္ပဏီတို့က အသီးသီး လုပ်ကိုင်ခွင့်ရရှိခဲ့သည်။

သို့ရာတွင် ကော့သောင်းလေဆိပ်အား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းလုပ်ကိုင်ခွင့်ရ Golden Myanmar Airlines Public ကုမ္ပဏီမှ လေဆိပ်အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လိုခြင်းမရှိတော့သဖြင့် နောက်ဆုတ်သွားခဲ့သဖြင့် တင်ဒါပြန်လည် ခေါ်ယူထားကြောင်း သိရသည်။

အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်အရ အဆင့်မြှင့်တင် ခြင်းလုပ်ငန်းဆောင်ရွက်ပြီးသည့် ပြည်တွင်းလေဆိပ်များအား နိုင်ငံတကာမှ စင်းလုံးငှားလေကြောင်းခရီးစဉ်များအား ကနဦးဆင်းသက်ခွင့်ပြုမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။

“ပြည်တွင်းလေဆိပ်တွေ အဆင့်မြှင့်တင်မှုပြီးတဲ့အခါ Custom နဲ့ Immigration နဲ့ Quarantine သုံးခုစလုံးတော့ ပြည့်စုံအောင်ထားပြီး နိုင်ငံတကာက စင်းလုံးငှားလေယာဉ်ကြောင်း ခရီးစဉ်တွေ အရင်ဆင်းသက်ခွင့်ပေးမယ်။ ဒီအဆင့်မြှင့်တင်ထားတဲ့ လေဆိပ်တွေအနေနဲ့ Facilities တွေပြည့်စုံပြီး လိုအပ်တဲ့ အဆင့်တွေပြည့်စုံကြောင်း စစ်ဆေးမှုတွေပြီးရင်တော့ နိုင်ငံတကာလေဆိပ် အဆင့်သတ်မှတ်ပေးသွားမှာပါ” ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်း လေဆိပ်သုံးခုအား အဆင့်မြှင့်တင်ရာတွင် ပထမအဆင့်၌ ဟဲဟိုးလေဆိပ်အတွက် အမေရိကန်ဒေါ်လာ သန်း ၄၀၊ ကော့သောင်းလေဆိပ်အတွက် အမေရိကန် ဒေါ်လာ ၃၆ သန်းနှင့် မော်လမြိုင်လေဆိပ်အတွက် အမေရိကန်ဒေါ်လာ သန်း ၂၀ ကုန် ကျမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

                   

Most Read

Most Recent