စျေးကွက်အတွင်းရှိ စက်သုံးဆီ အရည်အသွေးနှင့် အချင်အတွယ်များ ပြည့်မီမှု ရှိ မရှိ ပိုမိုစစ်ဆေးနိုင်ရန် ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနတစ်ခု ဖွင့်လှစ်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

စျေးကွက်အတွင်းရှိ စက်သုံးဆီ အရည်အသွေးနှင့် အချင်အတွယ်များ ပြည့်မီမှု ရှိ မရှိ ပိုမိုစစ်ဆေးနိုင်ရန် ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနတစ်ခု ဖွင့်လှစ်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန(စွမ်းအင်ကဏ္ဍ)၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ် ဒုတိယသုံးလပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား တွေ့ရစဉ်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန(စွမ်းအင်ကဏ္ဍ)၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ် ဒုတိယသုံးလပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား တွေ့ရစဉ်
Published 26 May 2020
ဆန်းထူးအောင်

စျေးကွက်အတွင်းရှိ စက်သုံးဆီ အရည် အသွေးနှင့် အချင်အတွယ်များ ပြည့်မီမှု ရှိ မရှိ ပိုမိုစစ်ဆေးနိုင်ရန် ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနတစ်ခု ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန (စွမ်းအင်ကဏ္ဍ) ၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ဒုတိယသုံးလပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မေ ၂၅ ရက်တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပရာတွင် ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်ကြောင်း  သိရသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပထမသုံးလပတ်နှင့် ဒုတိယသုံးလပတ် ကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်မှုများ၏ အားနည်းချက်၊ အားသာချက်များကို ဖော်ထုတ်၍ လာမည့် တတိယ သုံးလပတ် ကာလအတွင်း ရည်မှန်းချက် ပြည့်မီအောင် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ယူထားသည့် စွမ်းအင်ကဏ္ဍသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် ကဏ္ဍတစ်ခုဖြစ်ပြီး နိုင်ငံတော် ဝင်ငွေအတွက်လည်း အဓိက အားထားရပါကြောင်း၊ မိမိတို့အနေဖြင့် ပြည်တွင်းသုံး ရေနံနှင့် သဘာဝဓာတ်ငွေ့ လိုအပ်ချက်ကို တစ်စိတ်တစ်ပိုင်း ဖြည့်ဆည်းပေးနိုင်ရန် ပြည်ပသို့ ရေနံနှင့် သဘာဝဓာတ်ငွေ့ရောင်းချ၊ ပို့လွှတ်ပေးရန် တာဝန်ယူ ဆောင်ရွက်လျက် ရှိပါကြောင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့များ ယခုထက် ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး စီမံချက်များ စနစ်တကျ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

ပြည်တွင်းစက်သုံးဆီ လုံလောက်စွာ ထုတ်လုပ်နိုင်ရေးအတွက် လက်ရှိ ရေနံချက် စက်ရုံများအား ပြုပြင်လည်ပတ်သကဲ့သို့ စက်စွမ်းအား ပိုမိုမြင့်မားသည့် ရေနံဓာတုဗေဒ စက်ရုံများ တည်ဆောက်ရေးကိုလည်း စီမံဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပုဂ္ဂလိက လုပ်ငန်းရှင်များအနေဖြင့် Minirefinery များ စနစ်တကျ တည်ဆောက် ဆောင်ရွက်နိုင်ရေးအတွက် နည်းပညာဆိုင်ရာများ ပံ့ပိုးကူညီရန် လိုအပ်ပါကြောင်း၊ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုသည့် ယူရီးယား ဓာတ်မြေသြဇာ ထုတ်လုပ်ခြင်းကိုလည်း ပိုမိုဖွံ့ဖြိုး တိုးတက်အောင် စီမံရမည်ဖြစ်ကြောင်း၊ စီးပွားရေး တွက်ခြေကိုက်ပြီး အမှန်တကယ် အကျိုးရှိမည့် ခေတ်မီဓာတ်မြေသြဇာ စက်ရုံများ တည်ဆောက်ရေးကိုလည်း စီမံထားရန် လိုအပ်ပါကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ထို့ပြင် မိမိတို့ လျာထားချက်ဖြစ်သည့် ၂၀၂၀ ပြည့်နှစ်တွင် အိမ်ထောင်စု တစ်သန်း LPG သုံးစွဲနိုင်ရေးကို ပြည့်မီအောင် ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း၊ ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ရေနံဓာတ်ငွေ့ရည် သုံးစွဲမှုကို ကျယ်ကျယ်ပြန့်ပြန့် ပညာပေးရန် လိုအပ်ကြောင်း၊ မိမိတို့အနေဖြင့် စက်သုံးဆီ ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းအား ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ ၂၀၁၀ ခုနှစ်မှစတင်၍ လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ်က ထုတ်ပြန်ခဲ့သော ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေနှင့် အညီဖြစ်စေရန်အတွက် စျေးကွက်ရှိ စက်သုံးဆီ အရည်အသွေး၊ အချင်အတွယ်များ ပြည့်မီအောင် စစ်ဆေးကြပ်မတ်ခြင်းများကိုလည်း ယခုထက် ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်ပေးခြင်းဖြင့် ပြည်သူများအား အရည်အသွေး၊ အချင်အတွယ် ပြည့်ဝသည့် စက်သုံးဆီများ အသုံးပြုနိုင်ရေး စီမံပေးရန်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ယင်းအပြင် နိုင်ငံတော်အတွက် အရေးပေါ်ကိစ္စရပ်များတွင် အသုံးပြုနိုင်ရန် စက်သုံးဆီ အရန်သိုလှောင် ထားမှုများကိုလည်း စီမံထားရန် လိုအပ်ကြောင်း၊ အထက်ပါလုပ်ငန်းများကို စနစ်တကျ ကြီးကြပ်စစ်ဆေးနိုင်ရန် မကြာမီ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနတစ်ခု အသစ်ဖွင့်လှစ်၍ ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ကမ္ဘာ့ကပ်ရောဂါ COVID-19 ကြောင့် ကမ္ဘာ့ရေနံစျေးနှုန်းများ ကျဆင်းမှု၏ Impact ကို ကြိုတင် ပြင်ဆင်ရမည်ဖြစ်ပြီး အခြားဖြစ်ပေါ်လာနိုင်သည့် အကျိုးသက်ရောက်မှုများကို သုံးသပ်၍ သက်ရောက်မှု အနည်းဆုံးဖြစ်အောင် ၀ိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် လိုအပ်ပါ​​ကြောင်း၊ အရန်စက်သုံးဆီများ သိုလှောင်ထားရှိရန် လိုအပ်ကြောင်း၊ COVID-19 ထိန်းချုပ်နေသော ကာလအတွင်း မိမိတို့လုပ်ငန်းအလိုက် စီမံကိန်းများ နှောင့်နှေးကြန့်ကြာမှု ဖြစ်ပေါ်နေရသည့် အခြေအနေများကို အသေးစိတ် တင်ပြကြရန် လိုအပ်ကြောင်း၊ COVID-19 Impact အား ပြန်လည်ကုစားနိုင်ရန် Prevention Plan များ ရေးဆွဲထားရန် လိုအပ်ကြောင်း၊ သို့မှသာ စီမံကိန်းလုပ်ငန်းများ သတ်မှတ်ချိန်အတွင်း အတတ်နိုင်ဆုံး ပြီးစီးနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း၍ ၀ိုင်းဝန်းဆောင်ရွက် ပေးနိုင်မည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

Most Read

Most Recent