ရခိုင်ပြည်နယ် မာန်အောင်ကျွန်းရှိ မာန်အောင်မြို့နယ် ပြင်ကောက်ကျေးရွာနှင့် ဘုတ်မျက်တောကျေးရွာအကြား ပင်လယ်ကမ်းစပ်၌ မြင်တွေ့လာရသည့် သဘာဝ သန္တာကျောက်တန်းကြီးအား မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက်ရေးမှာ လွန်စွာအရေးပါကြောင်း ဒေသခံများက သုံးသပ်ပြောကြားသည်။
အဆိုပါ သန္တာကျောက်တန်းသည် မာန်အောင်မြို့နှင့် ၂၄ မိုင်ခန့်အကွာတွင်ရှိပြီး ဒီရေကျသည့်အချိန်၌ မြင်တွေ့ရလေ့ရှိပြီး ခြောက်ဖာလုံခန့် အရှည်ရှိသည့် သန္တာကျောက်တန်းဖြစ်ကာ လာရောက်ကြည့်ရှုကာ ရေကစားသူများဖြင့် နေစဉ်စည်ကားလေ့ရှိကြောင်းနှင့် လူတချို့မှာ ယင်းသန္တာကျောက်တန်းများကို ချိုးဖဲ့ယူငင်မှုများ ရှိနေသည့်အတွက် တားဆီးပေးရန် လိုအပ်နေကြောင်း ဒေသခံများက ပြောကြားသည်။
“အရင်ကတည်းက ဒီသန္တာကျောက်တန်းက ရှိနေပြီးသားပေါ့။ ဒါပေမဲ့ အရောက်အပေါက် နည်းကြတယ်။ ဒီနှစ်တော့ ဒီရေကျတဲ့အချိန်တွေမှာ မြင်လာရတယ်။ ဒါကြောင့် သွားရောက်ကြည့်ရှုသူ များလာတာပေါ့။ တစ်ခုရှိတာက ဒါတွေကို စနစ်တကျ ထိန်းသိမ်းထားခြင်းအားဖြင့် ဂေဟစနစ် မပျက်စီးအောင် ကာကွယ်နိုင်တယ်။ ငါးတွေ ရှင်သန်ပေါက်ဖွားဖို့ သန္တာကျောက်တန်းဟာ အရေးပါတယ်။ ဒါကြောင့် အခုဆိုရင် ထိန်းသိမ်းရေးအဖွဲ့တွေ ဖွဲ့ဖို့ စီစဉ်နေတယ်။ ဒေသခံ မြို့ကလူငယ်တွေ၊ ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့တွေနဲ့ ငါးလုပ်ငန်းဦးစီးနဲ့ ပူးပေါင်းပြီး ထိန်းသိမ်းစောင့်ရှောက်သွားဖို့ ရှိတယ်။ ပညာပေး လုပ်ငန်းတွေကိုလည်း လုပ်ဆောင်သွားဖို့ ရှိပါတယ်”ဟု မာန်အောင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကြည်ဝင်းက ပြောကြားသည်။
သဘာဝအလျောက် ပေါက်ရောက်လျက်ရှိသော သန္တာကျောက်တန်းကို ထိန်းသိမ်း စောင့်ရှောက်ရန် လူငယ်နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကာကွယ်လိုသူများ၊ ငါးလုပ်ငန်းဦးစီးဌာနနှင့် ပူးပေါင်းပြီး ကာကွယ်ထိန်းသိမ်းရေး လုပ်ငန်းများကို လုပ်ဆောင်သွားရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း၊ သို့သော်လည်း အဆိုပါ သန္တာကျောက်တန်း မပျက်စီးစေရန် အချိန်မီထိန်းသိမ်းရန် လိုအပ်ကြောင်းလည်း ဒေသခံလူငယ်များက သုံးသပ်ကြသည်။
“အခုနှစ်မှာတော့ ရုံးပိတ်ရက်တွေဆိုရင် အဲဒီသန္တာကျောက်တန်း ရှိတဲ့နေရာ ပင်လယ်ကမ်းခြေကို လူတွေထောင်ချီ ရောက်လာတတ်တယ်။ ဒါပေမဲ့ အစပိုင်းကတော့ တချို့က ထိန်းသိမ်းရမှန်း မသိဘူး။ ချိုးဖဲ့ယူဆောင်သွားကြတယ်။ ဒါကြောင့် အခုဆိုရင် စုပေါင်းထိန်းသိမ်းတာတွေ လက်ကမ်းစာစောင် ဖြန့်တာတွေ၊ ပညာပေး ဟောပြောတာတွေ လုပ်ဆောင်သွားဖို့ စီစဉ်နေကြပြီ ဖြစ်တယ်။ ဒါကို ထိန်းသိမ်းခြင်းအားဖြင့် အများအတွက် အကျိုးရှိတယ်လို့ မြင်တယ်။ သဘာဝဂေဟစနစ်အတွက်လည်း အကျိုးရှိတယ်လို့ မြင်ပါတယ်”ဟု ဒေသခံ လူငယ်တစ်ဦးဖြစ်သူ ကိုဇော်ဝင်းက ပြောကြားသည်။
သန္တာကျောက်တန်းသည် လက်တံပါသောအပင်နှင့် သဏ္ဍာန်တူသည့် သေးငယ်သော သတ္တဝါများဖြစ်ကြပြီး နုန်းမရှိသော ပင်လယ်ကြမ်းပြင်တွင် ပေါက်ဖွားကြခြင်းဖြစ်ပြီး အပူချိန် 21 F မှ 29 F နှင့် အငန်ဓာတ် 34-36 ppt အနေအထားတွင် ရှင်သန်ပေါက်ဖွားလေ့ရှိကြောင်း၊ အဖြူ၊ ပန်းရောင်၊ အဝါ၊ အညို၊ အစိမ်း စသည်ဖြင့် အရောင်အသွေး စုံလင်စွာ တွေ့ရတတ်ကြောင်း၊ သန္တာကျောက်တန်းသည် ပင်လယ်ပြင် ဂေဟစနစ်နှင့် ပင်လယ်ပြင်တွင် ကျက်စားသော ငါး ၊ ပုစွန်များ၏ မျိုးပွားမှု၊ ရှင်သန်ကြီးထွားမှုစနစ်တွင် အရေးပါကြောင်း၊ ထို့ပြင် ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်နိုင်သည့် Eco-Tourism လုပ်ငန်း ဆောင်ရွက်နိုင်သည့် နေရာတစ်ခုလည်း ဖြစ်လာနိုင်ကြောင်း၊ မာန်အောင်ကျွန်းမှ သန္တာကျောက်တန်းများ ပျက်စီးဆုံးရှုံးမှု မဖြစ်ပေါ်စေရေး အလေးထားဆောင်ရွက်သင့်ကြောင်းလည်း လေ့လာသူများက သုံးသပ်ကြသည်။















