အီဘရာဟီမိုဗစ်ကိုကျော်ကာ ပြီးခဲ့သည့်နှစ် (၂၀)အတွင်း လီဂူးပြိုင်ပွဲ၏အကောင်းဆုံးတိုက်စစ်မှူးအဖြစ် မာဆေးလ်တိုက်စစ်မှူးဟောင်း ဒရော့ဘာ ရွေးချယ်ခံရ

အီဘရာဟီမိုဗစ်ကိုကျော်ကာ ပြီးခဲ့သည့်နှစ် (၂၀)အတွင်း လီဂူးပြိုင်ပွဲ၏အကောင်းဆုံးတိုက်စစ်မှူးအဖြစ် မာဆေးလ်တိုက်စစ်မှူးဟောင်း ဒရော့ဘာ ရွေးချယ်ခံရ
Published 11 May 2020

မာဆေးလ်နှင့် ချယ်လ်ဆီးတိုက်စစ်မှူးဟောင်း ဒရော့ဘာသည် PSG တိုက်စစ်မှူးဟောင်း အီဘရာဟီမိုဗစ် (လက်ရှိ အေစီမီလန်)ကိုကျော်ကာ ပြီးခဲ့သည့်နှစ် (၂၀)အတွင်း ပြင်သစ်လီဂူးပြိုင်ပွဲ၏ အကောင်းဆုံးတိုက်စစ်မှူးအဖြစ် ရွေးချယ်ခံခဲ့ရကြောင်း လီဂူးပြိုင်ပွဲ၏ တရားဝင် Twitter အကောင့်တွင် ဖော်ပြခဲ့သည်။

လီဂူး Twitter  အကောင့်သည် ပြီးခဲ့သည့် နှစ်(၂၀)အတွင်း လီဂူးပြိုင်ပွဲတွင် ကစားခဲ့၊ ကစားလျက်ရှိသည့် အကောင်းဆုံးတိုက်စစ်မှူး (၃၂)ဦး ကို ရှုံးထွက်ပြိုင်ပွဲပုံစံမျိုးဖြင့် ပရိသတ်များအား မဲပေးရွေးချယ်စေခဲ့ခြင်းဖြစ်သည်။

ယင်းပြိုင်ပွဲ၏ ဗိုလ်လုပွဲတွင် ဒရော့ဘာနှင့် အီဘရာဟီမိုဗစ်တို့ တွေ့ဆုံခဲ့ပြီး ဒရော့ဘာက မဲ(၅၁)ရာခိုင်နှုန်းဖြင့် ပြီးခဲ့သည့် နှစ် (၂၀)အတွင်း အကောင်းဆုံးတိုက်စစ်မှူးအဖြစ် ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။

ဒရော့ဘာသည် လီဂူးကလပ်များဖြစ်သည့် ဂူအင်ဂမ့်အသင်းတွင် ၂၀၀၁ ခုနှစ်မှ ၂၀၀၃ နှစ်အထိ၊ မာဆေးလ်အသင်းတွင် ၂၀၀၃ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ ကစားခဲ့သူဖြစ်သည်။

ဒရော့ဘာက ''ပရိသတ်တွေရဲ့ အသိအမှတ်ပြုခံရခြင်းက အံ့သြစရာပါ။ ကျွန်တော့်ကို လီဂူးပြိုင်ပွဲမှာ ကစားခွင့်ပေးခဲ့ကြတဲ့  ဂူအင်ဂမ့်နဲ့ မာဆေးလ်အသင်းကို ကျေးဇူးတင်ပါတယ်။ လီဂူးမှာ ကစားခဲ့ကြတဲ့ တိုက်စစ်မှူးအားလုံးကို လေးစားပါတယ်''ဟု သူ၏ Twitter တွင် ရေးသားခဲ့သည်။

၂၀၁၈ ခုနှစ်တွင် ကစားသမားဘဝမှ အနားယူခဲ့သည့် အိုင်ဗရီကို့စ်တိုက်စစ်မှူး ဒရော့ဘာသည် လီဂူးပွဲ (၈၀)တွင် (၃၉)ဂိုးသွင်းယူခဲ့သည်။  

အီဘရာ ဟီမိုဗစ်မှာမူ PSG အသင်း၌ ၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ကစားခဲ့ပြီး လီဂူး (၁၂၂)ပွဲတွင် (၁၁၃) ဂိုးသွင်းကာ ချန်ပီယံဆု (၄)ကြိမ်ရရှိခဲ့သည်။

 

Most Read

Most Recent