မန်ယူအသင်းနည်းပြ ဆိုးလ်ရှားသည် ဘောလုံးပွဲများ ပြန်လည်ကစားချိန်တွင် အသင်းကွင်းလယ်၌ ဘရူနိုဖာနန်ဒက်စ်နှင့် ပေါ့ဘာတို့ကို တွဲဖက်ကစားပေးရန် ဆန္ဒရှိနေကြောင်း သိရသည်။
မန်ယူအသင်းနည်းပြ ဆိုးလ်ရှားသည် ဘောလုံးပွဲများ ပြန်လည်ကစားချိန်တွင် အသင်းကွင်းလယ်၌ ဘရူနိုဖာနန်ဒက်စ်နှင့် ပေါ့ဘာတို့ကို တွဲဖက်ကစားစေရန် ဆန္ဒရှိနေကြောင်း သိရသည်။
ဘရူနိုဖာနန်ဒက်စ်သည် ပြီးခဲ့သည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှ စပို့တင်းလစ္စဘွန်းအသင်းမှ မန်ယူအသင်းသို့ ပြောင်းရွှေ့လာခဲ့သော်လည်း အသင်းတွင် ခြေစွမ်းပြကစားနေသူဖြစ်သည်။

ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာမှာမူ ယခုရာသီ ဒဏ်ရာပြဿနာများနှင့် ရုန်းကန်နေပြီး ၂၀၁၉ ဒီဇင်ဘာလကတည်းက မန်ယူအသင်းအတွက် ကစားနိုင်ခြင်း မရှိပေ။ ထို့ကြောင့် ဘရူနိုဖာနန်ဒက်စ်နှင့် ပေါ့ဘာတို့မှာ မန်ယူအသင်းတွင် ယခုအချိန်အထိ တွဲဖက်ကစားနိုင်ခြင်း မရှိသေးပေ။
လက်ရှိအချိန်တွင် ပေါ့ဘာ ဒဏ်ရာပြန်လည်သက်သာပြီးဖြစ်၍ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ရပ်နားထားရသည့် ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြန်လည်ကစားချိန်တွင် ဆိုးလ်ရှားက ၎င်းကို ဘရူနိုဖာနန်ဒက်စ်နှင့် တွဲဖက်ပေးရန် ဆန္ဒရှိနေခြင်း ဖြစ်သည်။

ဆိုးလ်ရှားက "ကစားသမားကောင်းတွေဟာ အမြဲတမ်းတွဲဖက်ကစားနိုင်ပါတယ်။ ဒါကြောင့် ဘရူနိုဖာနန်ဒက်စ်နဲ့ ပေါ့ဘာတို့ အကောင်းဆုံးတွဲဖက်ကစားနိုင်မှာပါ။ ဒါပေမဲ့ ကျွန်တော်တို့အသင်းရဲ့ ကွင်းလယ်မှာ တွမ်မီနေး၊ ဖရက်ဒ်၊ မာတစ်တို့လို ကစားသမားကောင်းတွေလည်း ရှိပါတယ်။ သူတို့အားလုံးကို ပွဲတစ်ပွဲတည်းမှာတော့ အသုံးပြုလို့ မရပါဘူး။ ကျွန်တော်တို့အနေနဲ့ အကောင်းဆုံးဖြစ်မယ့် လူစာရင်းကို ရွေးချယ်ရမှာပါ"ဟု ပြောကြားခဲ့သည်။
ထို့ပြင် ဆိုးလ်ရှားက အသင်းကွင်းလယ်လူ ပေါ့ဘာအနေဖြင့် ဒဏ်ရာပြဿနာများကြောင့် ယခုရာသီတွင် ရုန်းကန်ခဲ့ရသော်လည်း စိတ်ဓာတ်ကြံ့ခိုင်သည့်ကစားသမားဖြစ်ပြီး ဘောလုံးပြိုင်ပွဲပြန်လည်စတင်ချိန်တွင် ခြေစွမ်းပြနိုင်မည်ဟု ယုံကြည်ကြောင်းလည်း ပြောကြားခဲ့သည်။















