COVID-19 ကြောင့် အာဆီယံထုတ် လုပ်ရေးကဏ္ဍ အနိမ့်ဆုံးနှုန်းသို့ စံချိန်တင် ဆက်လက်ကျဆင်းခဲ့ပြီး ထုတ်လုပ်မှု၊ အော်ဒါအသစ်များနှင့် ပြည်ပတင်ပို့မှုအားလုံး စံချိန်တင် အများဆုံးနှုန်းဖြင့် ကျဆင်းလာကြောင်း Nikkei ၏ ပံ့ပိုးမှုဖြင့် ပြုလုပ်သော HIS Markit စစ်တမ်းတွင် ဖော်ပြချက်အရ သိရသည်။
အာဆီယံ ထုတ်လုပ်သူတို့သည် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ဆက်လက်ပျံ့နှံ့လာခဲ့၍ ဧပြီတွင် လုပ်ကိုင်မှု အခြေအနေများမှာ စစ်တမ်း၏ ရှစ်နှစ်နီးပါး သမိုင်းအတွက် အသိသာဆုံး ဆိုးဝါးမှုကို ရင်ဆိုင်ခဲ့ကြရသည်။ ထုတ်လုပ်မှု၊ အော်ဒါအသစ်များနှင့် ပြည်ပတင်ပို့မှုအားလုံး မကြုံစဖူးနှုန်းများဖြင့် ကျဆင်းလာခဲ့ကြပြီး အနာဂတ် တစ်နှစ်အတွင်း ထုတ်လုပ်မှုဆိုင်ရာ ကုမ္ပဏီများ၏ ယုံကြည်မှုမှာ စစ်တမ်းအတွင်း အနိမ့်ဆုံးနေရာသို့ ရောက်ရှိသွားသည်။
အာဆီယံ PMI ညွှန်းကိန်းသည် ယခင်လအနိမ့်ဆုံးစံချိန် ၄၃ ဒသမ ၄ မှ ဧပြီတွင် ၃၀ ဒသမ ၇ အထိ ဆက်လက် ထိုးကျသွားရာ စစ်တမ်းစတင်ခဲ့သည့် ၂၀၁၂ ခုနှစ် ဇူလိုင်မှစပြီး တစ်လအတွင်း ထုတ်လုပ်ရေး အခြေအနေများ အများဆုံး ဆိုးရွားလာမှုကို ညွှန်ပြခဲ့ခြင်းဖြစ်သည်။
ခုနစ်နိုင်ငံ ပါဝင်သော စစ်တမ်းတွင် နိုင်ငံတိုင်းက ဧပြီလတွင် လုပ်ငန်းအခြေအနေများ ရှေ့ဆက် ဆိုးဝါးလာခဲ့ကြောင်း အစီရင်ခံခဲ့ကြပြီး ကျဆင်းမှုအရှိန်မှာ စင်ကာပူမှလွဲ၍ ပိုမိုပြင်းထန်လာခဲ့သည်။ အင်ဒိုနီးရှား နိုင်ငံအတွက် ခြုံပြောရလျှင် စက်ရုံများပိတ်ရမှုများနှင့် ဝယ်လိုအား ထိုးကျသွားမှုကြောင့် PMI ညွှန်းကိန်းသည် ၂၇ ဒသမ ၅ အထိ ကျဆင်းပြီး တစ်လအတွင်း ၁၇ ဒသမ ၈ မှတ် အထိ ကျဆင်းခဲ့ခြင်းဖြစ်သည်။ ကျန်နိုင်ငံများကို လေ့လာကြည့်လျှင် မြန်မာနိုင်ငံ၏ PMI ညွှန်းကိန်းသည် အနိမ့်ဆုံးစံချိန်သစ် ၂၉ ပွိုင့်အထိ ထိုးကျသွားပြီး ခုနစ်နိုင်ငံအနက် ဒုတိယအပြင်းထန်ဆုံး ဆုတ်ယုတ်မှုဖြစ်ခဲ့သည်။ စင်ကာပူ၏ PMI ညွှန်းကိန်းမှာ မတ်လ၏ မကြုံစဖူး အနိမ့်ဆုံးအဆင့်မှ ဧပြီတွင် ၂၉ ဒသမ ၃ သို့ မသိမသာ ပြန်တက်လာသော်လည်း ထုတ်လုပ်မှုကဏ္ဍ အခြေအနေမှာ သိသာစွာ ဆိုးရွားနေဆဲဖြစ်သည်။ မလေးရှားနိုင်ငံ၏ PMI အညွှန်းမှာလည်း ရှေ့ဆက်ကျဆင်းသွားခဲ့ရာ ရှစ်နှစ်နီးပါးအတွင်း အထင်ရှားဆုံး ဆိုးရွားလာမှုကို အချက်ပြနေသည်။ ရှေ့ဆက် ဆုတ်ယုတ်လာမှုကို ဖိလစ်ပိုင်နိုင်ငံတွင်ပါ တွေ့နိုင်ပြီး PMI ညွှန်းကိန်း ၃၀ ဒသမ ၆ မှာ လေးနှစ်ကျော် စစ်တမ်း သမိုင်းအတွင်း သိသာစွာ ဆိုးရွားလာခြင်းကို မီးမောင်းထိုးပြနေသည်။ ဗီယက်နမ်နိုင်ငံကလည်း စံချိန်တင် ကျဆင်းမှုကို မှတ်တမ်းတင်ခဲ့ပြီး PMI ညွှန်းကိန်း ၃၂ ဒသမ ၇ ဖြင့် စံချိန်တင် အနိမ့်ဆုံးဖြစ်သည်။ ထိုင်းနိုင်ငံက အာဆီယံနိုင်ငံများထဲတွင် အမြင့်ဆုံးညွှန်းကိန်း ရရှိခဲ့သော်လည်း ၎င်း၏ PMI ညွှန်းကိန်း ၃၆ ဒသမ ၈ မှာ ထုတ်လုပ်ရေး အခြေအနေများ မကြုံစဖူး ဆိုးဝါးလာခြင်းကို ထောက်ပြနေသည်။
ဧပြီဒေတာသည် COVID-19 ၏ ဆိုးရွားလှသည့် သက်ရောက်မှုများကြောင့် အာဆီယံထုတ်လုပ်ရေး လုပ်ငန်းများ အခြေအနေ ပြင်းထန်စွာ ဆုတ်ယုတ်နေသည်ကို အချက်ပြနေပြီး PMI ညွှန်းကိန်းမှာ စံချိန်တင် အနိမ့်ဆုံး အဆင့်သို့ ထိုးကျခဲ့သည်။ ကျဆင်းမှု၏ အဓိက အကြောင်းရင်းများမှာ ထုတ်လုပ်မှု၊ အော်ဒါအသစ်များနှင့် ပြည်ပတင်ပို့ရမှုများ သိသာစွာ လျော့ကျသွားမှုနှင့် လုပ်ငန်းများ ကျယ်ပြန့်စွာ ပိတ်ချရမှုများနှင့် အခြားအရေးပေါ် လုပ်ဆောင်ချက်များကြောင့် ဝယ်သူများဘက်မှ ဝယ်လိုအားမှာ ပြည်တွင်းတွင်ရော နိုင်ငံတကာမှာပါ ထိုးကျသွားခြင်းကြောင့်ဖြစ်သည်။ သို့ဖြစ်၍ ကုမ္ပဏီများသည် ဧပြီတွင် အလုပ်သမားဦးရေးကို ဆက်လက်လျှော့ချခဲ့ကြရာ အလုပ်နေရာ ဖြတ်တောက်ခံရမှုမှာ စံချိန်တင် အများဆုံး ဖြစ်လာသည်။
ဤအတောအတွင်း ထည့်သွင်းကုန် ဝယ်ယူမှုများကို သိသာစွာ လျှော့ချခဲ့ကြရာ စစ်တမ်းသမိုင်းတွင် အမြန်ဆုံး ကျဆင်းမှု ဖြစ်ခဲ့သည်။ ပစ္စည်းပေးသွင်းရေး ကွင်းဆက်များထဲ ပြတ်တောက်မှုများ ဆက်ရှိမြဲရှိနေခဲ့ပြီး ပစ္စည်းပေးသွင်းမှု ကြာမြင့်ချိန်များမှာ ဒေတာစုစည်းခဲ့သည့် ရှစ်နှစ်နီပါး ကာလအတွင်း အများဆုံး တိုးလာခဲ့သည်။ ဝယ်ယူမှုများနှင့် ထုတ်လုပ်မှု လျော့ကျသွားသည်နှင့် တစ်ပြေးညီ လက်ကျန်စာရင်းများပါ စံချိန်တင် ကျဆင်းသွားခဲ့သည်။
ကိုရို နာဗိုင်းရပ်စ် (COVID-19) ရော ဂါပျံ့နှံ့မှုက မျှော်လင့်ချက်များအပေါ် လေးလံစွာ ဖိစီးလာနေ၍ အခြေအနေမှာ အကြီးအကျယ် မရေမရာ ဖြစ်နေသောကြောင့် လာမည့် တစ်နှစ်အတွင်း ထုတ်လုပ်မှုနှင့် ပတ်သက်၍ ကုမ္ပဏီများ၏ ယုံကြည်မှုမှာ ဧပြီတွင် ဆက်လက်နိမ့်ကျလာခဲ့ပြီး အပြုသဘော အမြင်မှာ စံချိန်သစ် အနိမ့်ဆုံး အဆင့်သို့ ထိုးကျသွားခဲ့သည်။















