အာရှနိုင်ငံပေါင်း ၁၆ နိုင်ငံ၏ COVID-19 ရောဂါ ဖြစ်ပွားမှုအရ အိန္ဒိယနိုင်ငံက ဓာတ်ခွဲအတည်ပြုလူနာ ၄၀၀၀၀ ကျော်ဖြင့် အဆင့် (၁) နေရာတွင် ရှိနေပြီး မြန်မာနိုင်ငံက အဆင့် (၁၂) နေရာ၌ ရှိနေ

အာရှနိုင်ငံပေါင်း ၁၆ နိုင်ငံ၏ COVID-19 ရောဂါ ဖြစ်ပွားမှုအရ အိန္ဒိယနိုင်ငံက ဓာတ်ခွဲအတည်ပြုလူနာ ၄၀၀၀၀ ကျော်ဖြင့် အဆင့် (၁) နေရာတွင် ရှိနေပြီး မြန်မာနိုင်ငံက အဆင့် (၁၂) နေရာ၌ ရှိနေ
Published 7 May 2020
 အိသဥ္ဇာကျော်

အာရှနိုင်ငံပေါင်း ၁၆ နိုင်ငံ၏ COVID-19 ရောဂါဖြစ်ပွားမှုအရ အိန္ဒိယနိုင်ငံက ဓာတ်ခွဲအတည်ပြုလူနာ ၄၀၀၀၀ ကျော်ဖြင့် အဆင့် (၁) နေရာတွင်ရှိနေပြီး မြန်မာနိုင်ငံက အဆင့် (၁၂) နေရာ၌ ရှိနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ရရှိသည့်အချက်အလက်အရ သိရသည်။

မေ ၅ ရက်အထိ ရရှိထားသော စာရင်းများအရ အာရှနိုင်ငံအချို့၏ COVID-19 ရောဂါဖြစ်ပွားမှု အခြေအနေအရ အိန္ဒိယနိုင်ငံတွင် ဓာတ်ခွဲအတည်ပြုလူနာ ၄၂၀၀၀ ကျော်၊ စင်ကာပူနိုင်ငံတွင် ၁၈၀၀၀ ကျော်၊ ကာတာနိုင်ငံတွင် ၁၆၀၀၀ ကျော်၊ ဂျပန်နိုင်ငံတွင် ၁၅၀၀၀ ကျော်၊ အင်ဒိုနီးရှားနိုင်ငံတွင် ၁၁၀၀၀ ကျော်၊ ကိုရီးယားနိုင်ငံတွင် ၁၀၀၀၀ ကျော်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ၁၀၀၀၀ ကျော်၊ မလေးရှားနိုင်ငံတွင် ၆၀၀၀ ကျော်၊ ထိုင်းနိုင်ငံတွင် ၂၉၀၀ ကျော်၊ သီရိလင်္ကာနိုင်ငံတွင် ၇၁၈ ဦး၊ ဗီယက်နမ်နိုင်ငံတွင် ၂၇၁ ဦး၊ မြန်မာနိုင်ငံတွင် ၁၅၅ ဦး၊ ကမ္ဘောဒီးယားနိုင်ငံတွင် ၁၂၂ ဦး၊ နီပေါနိုင်ငံတွင် ၇၅ ဦး၊ လာအိုနိုင်ငံတွင် ၁၉ ဦးနှင့် ဘူတန်နိုင်ငံတွင် ခုနစ်ဦး ရှိကြောင်း သိရသည်။

သေဆုံးသူ ဦးရေစာရင်းအရ အိန္ဒိယနိုင်ငံတွင် ၁၃၇၃ ဦး၊ စင်ကာပူနိုင်ငံတွင် ၁၈ ဦး၊ ကာတာနိုင်ငံတွင် ၁၂ ဦး၊ ဂျပန်နိုင်ငံတွင် ၅၁၀ ဦး၊ အင်ဒိုနီးရှားနိုင်ငံတွင် ၈၆၄ ဦး၊ ကိုရီးယားနိုင်ငံတွင် ၂၅၂ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၁၈၂ ဦး၊ မလေးရှားနိုင်ငံတွင် ၁၀၅ ဦး၊ ထိုင်းနိုင်ငံတွင် ၅၄ ဦး၊ သီရိလင်္ကာနိုင်ငံတွင် ခုနစ်ဦး၊ မြန်မာနိုင်ငံတွင် ခြောက်ဦးနှင့် ကျန်နိုင်ငံများတွင် သေဆုံးသူမရှိကြောင်း ထုတ်ပြန် ကြေညာထားသည်။

COVID-19 ရောဂါဖြစ်ပွားမှု အများဆုံး ကမ္ဘာ့နိုင်ငံ ၁၅ နိုင်ငံ၏ အခြေအနေမှာ အမေရိကန်နိုင်ငံတွင် ဓာတ်ခွဲအတည်ပြုလူနာ ၁၁ သိန်းကျော်၊ စပိန်နိုင်ငံတွင် နှစ်သိန်းကျော်၊ အီတလီနိုင်ငံတွင် နှစ်သိန်းကျော်၊ ယူကေတွင် ၁၈၀၀၀၀ ကျော်၊ ဂျာမနီနိုင်ငံတွင် ၁၆၀၀၀၀ ကျော်၊ ရရှားနိုင်ငံတွင် ၁၄၀၀၀၀ ကျော်၊ ပြင်သစ်နိုင်ငံတွင် ၁၂၀၀၀၀ ကျော်၊ တူရကီနိုင်ငံ၌ ၁၂၀၀၀၀ ကျော်၊ အီရန်နိုင်ငံတွင် ၉၈၀၀၀ ကျော်၊ ဘရာဇီးနိုင်ငံတွင် ၉၆၀၀၀ ကျော်၊ တရုတ်နိုင်ငံတွင် ၈၄၀၀၀ ကျော်၊ ကနေဒါနိုင်ငံတွင် ၅၉၀၀၀ ကျော်၊ ဘယ်လ်ဂျီယံနိုင်ငံ၌ ၄၉၀၀၀ ကျော်၊ ပီရူးနိုင်ငံတွင် ၄၂၀၀၀ ကျော်၊ နယ်သာလန်နိုင်ငံတွင် ၄၀၀၀၀ ကျော်ရှိကြောင်း သိရသည်။

ဂျပန်တွင် ပိတ်ဆို့ ကန့်သတ်ချက်များ ဖြေလျှော့ပေးရန် စောလွန်းသည်ဟု အစိုးရအဖွဲ့က သတိပေးခဲ့ပြီးနောက် ကိုရိုနာဗိုင်းရပ်စ်ကြောင့် အရေးပေါ်အခြေအနေ ထုတ်ပြန်ထားမှုကို မေလကုန်အထိ သက်တမ်းတိုးလိုက်ကြောင်း ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက မေ ၄ ရက်တွင် ပြောကြားသည်။

COVID-19 ရောဂါကြောင့် ကမ္ဘာတစ်ဝန်းတွင် သေဆုံးသူ ၂၄၇,၀၀၀ ကျော် အနက် ၁၄၀,၀၀၀ သည် ဥရောပမှဖြစ်ပြီး  ကာကွယ်ဆေးသည် ရောဂါတိုက်ဖျက်ရေး၌ အကောင်းဆုံး အလားအလာတစ်ခု ဖြစ်သည်ဟု ဥရောပကော်မရှင်အကြီးအကဲနှင့် ဗီဒီယိုကွန်ဖရင့်၏ အစီအစဉ်မှူးဖြစ်သည့် Ursula Von der Leyen က ပြောကြားသည်။

ဂျပန်၊ ကနေဒါတို့နှင့်အတူ ဥရောပ အင်အားကြီးနိုင်ငံများ အပါအဝင် နိုင်ငံ ၄၀ ခန့်က ရန်ပုံငွေအတွက် ကတိပြုခဲ့သော်လည်း  ယင်းရန်ပုံငွေတွင် အမေရိကန်ကိုယ်စားပြု တာဝန်ရှိသူများ ပါဝင်ခဲ့ခြင်း မရှိသဖြင့် ရန်ပုံငွေပွဲကို အားလျော့စေခဲ့ကြောင်းနှင့် ချမ်းသာကြွယ်ဝသည့် အမေရိကန်သူဋ္ဌေးအချို့သည် တစ်ဦးချင်း လှူဒါန်းမှုအဖြစ် ယင်းရန်ပုံငွေ၌ ပါဝင်ခဲ့ကြပြီး ပေါ့ပ်စတားမက်ဒေါနားက ဒေါ်လာ တစ်သန်း ထည့်ဝင်ခဲ့မှုကို ဥရောပသမဂ္ဂ တာဝန်ရှိသူများက ဂုဏ်ပြုခဲ့ကြောင်း နိုင်ငံတကာ မီဒီယာများတွင် ဖော်ပြချက်အရ သိရသည်။

ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအများအပြားမှ အထူးသဖြင့် ဥရောပမှ ပြည်သူအများအပြားသည် ယခုသီတင်းပတ်အတွင်း လုပ်ငန်းခွင်များသို့ သတိဖြင့် ပြန်လည်ဝင်ရောက်နေကြချိန်တွင် ကူးစက်မှု ဒုတိယလှိုင်းကို သတိထားနေကြရသည်။

COVID-19 ကာကွယ်ဆေးအတွက် သုတေသနပြုလုပ်ရန်အပြင် ကုထုံးသစ်များ နှင့် ပိုမိုထိရောက်သော စမ်းသပ် စစ်ဆေးမှုများအတွက် ရန်ပုံငွေ ဒေါ်လာဘီလျံများစွာ ရရှိနိုင်ရေး မျှော်မှန်းလျက် ကမ္ဘာ့ခေါင်းဆောင်များ ပါဝင်သည့် မဟာမိတ်အဖွဲ့က မေ ၄ ရက် နှောင်းပိုင်းတွင် ဗီဒီယိုကွန်ဖရင့်ဖြင့်  အစည်းအဝေး ပြုလုပ်ကြမည် ဖြစ်သည်။

လတ်‌တလောတွင် COVID-19 ကြောင့် ကမ္ဘာတစ်ဝန်း သေဆုံးသူ ၂၄၇၀၀၀ ကျော်နှင့် ကူးစက်ခံရသူ ၃ ဒသမ ၅ သန်း ရှိနေကြောင်း အစိုးရများက ထုတ်ပြန်ထားသည်ဟု ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ပြုစုတွက်ချက်မှုအရ သိရသည်။                           

Most Read

Most Recent