ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြောင့် စီးပွားရေး ထိခိုက်ဆုံးရှုံးမှု မြင့်တက်လာနေစဉ် မေလအတွင်း တရုတ်နိုင်ငံ မြို့တော် ပေကျင်း၏ Forbidden City မှသည် အမေရိကန် ပြည်ထောင်စု တက္ကဆက်ပြည်နယ်၏ စျေးဝယ်စင်တာများအထိ ကိုရိုနာဗိုင်းရပ်စ်ကြောင့် Lockdown ချထားမှုကို သတိဖြင့် ဖြေလျှော့ပေးပြီး ပြန်လည်ဖွင့်လှစ်မှုများ ဆောင်ရွက်နေကြသည်။ ကမ္ဘာတစ်ဝန်းရှိ လူမှုဝန်းကျင် အများအပြားသည် ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို အနိုင်ရခဲ့ပြီလားဟူသည့် မေးခွန်းကို တိတိကျကျ မဖြေဆိုနိုင်သေးသော်လည်း ပုံမှန် အခြေအနေသို့ ပြန်လည်ဦးတည်နေကြသည်။ သို့သော် ဧပြီ ၃၀ ရက်တွင် ထုတ်ပြန်ခဲ့သော ကိန်းဂဏန်းသစ်များက ဗိုင်းရပ်စ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများအား မီးမောင်းထိုးပြခဲ့ပြီး Lockdown လုပ်မှုများအား ရုပ်သိမ်းရန်အတွက် ခေါင်းဆောင်များကို ဖိအားပိုမိုမြင့်တက်လာစေခဲ့သည်။
Lockdown လုပ်မှုများကြောင့် ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်များနှင့် ကုန်ထုတ်လုပ်ငန်းများ၏ လည်ပတ်မှု ရပ်ဆိုင်းသွားခြင်းကြောင့် ယခုနှစ် ပထမသုံးလပတ်တွင် အမေရိကန်၌ အလုပ်လက်မဲ့ အကျိုးခံစားခွင့်များအား လျှောက်ထားသူအရေအတွက်သည် သန်း ၃၀ ကို ရောက်ရှိခဲ့ပြီး ဥရောပ စီးပွားရေးကြီးထွားမှုသည် စံချိန်တင်အဖြစ် ၃.၈ ရာခိုင်နှုန်း ကျုံ့သွားခဲ့သည်။ အလုပ်လက်မဲ့နှုန်းသစ်သည် သီတင်းပတ် လေးပတ် ဆက်တိုက် ကျဆင်းခဲ့သဖြင့် လေ့လာသူများက မျှော်လင့်ချက် ရောင်နီသန်းလာသည်ကို မြင်တွေ့ခဲ့ရသည်။ စားသောက်ဆိုင်များ၊ ဟိုတယ်များနှင့် စတိုး များကဲ့သို့ ခုခံနိုင်စွမ်းအား အနည်းဆုံး စီးပွားရေးလုပ်ငန်းများတွင် အလုပ်အကိုင် ယာယီ ဆိုင်းငံ့မှု နှင့် လျှော့ချမှုများသည် အများအားဖြင့် ပုံမှန်အနေအထားသို့ ရောက်ဖွယ်ရှိသည်ဟု Century Foundation ၏ ထိပ်တန်းတွဲဖက်အဖွဲ့ဝင် အင်ဒရူးစတက်နာက ဆိုသည်။
ကံအားလျော်စွာပင် ယခုအချိန်၌ ကမ္ဘာ့စီးပွားရေးဆိုင်ရာ ထိခိုက်မှုသည် တည်ငြိမ်လာနေပြီဟု ယူဆရကြောင်း၊ သို့သော် မိမိတို့သည် နိုင်ငံ၏ဘဏ္ဍာရေးဆိုင်ရာ တောင့်တင်းမှုအား ပြင်းထန်သော ခြိမ်းခြောက်မှုရှိနေသည့် အဆင့်တစ်ရပ်၌ ရှိနေဆဲဖြစ်ကြောင်း စတက်နာက ပြောကြားခဲ့သည်။ ယာယီ အလုပ်ဆိုင်းငံ့ခြင်း သို့မဟုတ် လျှော့ချခြင်းသည် အမေရိကန်လုပ်သား ခြောက်ဦးတွင် တစ်ဦးနှုန်း ရှိနေပြီး တက္ကဆက်ပြည်နယ် လူဦးရေ အားလုံးထက် ပိုမိုများပြားနေခဲ့သည်။ ဧပြီအတွက် အမေရိကန်အလုပ်လက်မဲ့နှုန်းသည် ရာခိုင်နှုန်း ၂၀ အထိ မြင့် တက်ဖွယ်ရှိကြောင်း ဘောဂဗေဒပညာရှင်အချို့က ခန့်မှန်းထားကြရာ ၁၉၃၀ ပြည့်လွန်နှစ်များတွင် အလုပ်လက်မဲ့နှုန်း ၂၅ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့သော ကမ္ဘာ့စီးပွားရေးပျက်ကပ်နောက်ပိုင်း မကြုံစဖူး နှုန်းတစ်ခုဖြစ်လာမည်ဖြစ်သည်။
တရုတ်၏ ရှေးဟောင်းမြို့ Forbidden City ကို မေ ၁ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ သော်လည်း တစ်နေ့လျှင် ဧည့်သည် ၅,၀၀၀ သာ ဝင်ခွင့်ပြုပြီး ယခင်က အမြင့်ဆုံးပမာဏ ၈၀,၀၀၀ မှ လျှော့ချခဲ့ခြင်းဖြစ်သည်။ နိုင်ငံအလယ်ပိုင်း ဝူဟန်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ဖြစ်ပွားခဲ့မှုကြောင့် လူသန်းရာပေါင်းများစွာ Lockdown ပုံစံနီးပါး နေထိုင်ခဲ့ရပြီးနောက် သုံးလခန့်အကြာတွင် မြို့တော်ပေကျင်းက ဝင်ပေါက်များအား ကန့်သတ်လျက် ပန်းခြံများနှင့် ပြတိုက်များကို ပြန်လည်ဖွင့်လှစ်ခဲ့ပြီဖြစ်သည်။ COVID-19 ကြောင့် လူအများအပြား သေဆုံးနေဆဲဖြစ်သည့် အမေရိကန်တွင် ကျန်းမာရေးတာဝန်ရှိသူများက ကူးစက်မှု ဒုတိယလှိုင်း၏အန္တရာယ်ကို သတိပေးခဲ့ကြပြီး အလုပ်ရှင်နှင့် အလုပ်သမား အချို့တို့က လုပ်ငန်းခွင်သို့ ပြန်ဝင်ရန် စိုးရိမ်မှုများ ရှိနေကြသည်။ အသက်မွေးဝမ်းကျောင်း အလုပ်များ ဆုံးရှုံးပြီး အခွင့်အရေးများ ကန့်သတ်ခံထားရ ကြောင်း အပြစ်တင်သူများအကြား စိတ်မရှည်မှု မြင့်တက်လာနေစဉ် နိုင်ငံအများအပြားက နေအိမ်ပြင်ပမထွက်ရန် ကန့် သတ်မှုများအား ဖြေလျှော့ပေးခဲ့ရသည်။
အရှေ့တောင်အာရှနိုင်ငံအချို့တွင်လည်း Lockdown စီမံချက်များအား သတိဖြင့် ဖြေလျှော့ပေးလျက်ရှိရာ မလေးရှားတွင် နှစ်လကြာ Lockdown ချထားမှု သက်တမ်း မကုန်မီ ရက်ပိုင်းအလို မေ ၄ ရက်မှစတင်၍ စီးပွားရေးလုပ်ငန်းအများစုကို ပြန်ဖွင့်ရန် ခွင့်ပြုမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် မူယက်ဒင်ယက်ဆင်က ပြောကြားခဲ့သည်။ ထိုင်းတွင် ည ၁၀ နာရီနှင့် နံနက် ၄ နာရီ အကြား ကာဖျူးအမိန့်ကို ဆက်လက်ထုတ်ပြန်ထားပြီး အရက် ရောင်းချမှုအား ဆက်လက်ပိတ်ပင်ထားသော်လည်း ပန်းခြံများ၊ လက်လီအရောင်းဆိုင်၊ ဆံသဆိုင်နှင့် စားသောက်ဆိုင်အချို့တို့ကို ပြန်ဖွင့်ရန် စီစဉ်နေသည်။
မည်သို့ပင်ဆိုစေ၊ မြန်မာနိုင်ငံ အနေဖြင့်လည်း ရောဂါကူးစက်ပျံ့နှံ့မှု ထိန်းချုပ်ရေးတွင် စီးပွားရေး ထိခိုက်ဆုံးရှုံးမှုများအား မဖြစ်မနေ ထည့်သွင်း စဉ်းစားရမည်သာ ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
■ (မေလ ၂ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)








