COVID-19 ကပ်ဘေးကာလတွင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် စီးပွားပျက်ကပ်နှင့်အတူ နောက်ဆက်တွဲ အန္တရာယ်များနှင့်လည်း ရင်ဆိုင်နေကြရသည်။ COVID-19 အား ကမ္ဘာ့ကပ်ရောဂါအဖြစ် မတ် ၁၁ ရက်က ကြေညာခဲ့ပြီးနောက်တွင် မြန်မာနိုင်ငံအနေဖြင့်လည်း ရောဂါကူးစက်ပျံ့နှံ့မှု မဖြစ်စေရေးနှင့် ရောဂါကာကွယ် ထိန်းချုပ်တားဆီးရေးအတွက် အသင့်ပြင်ဆင်မှုများ စတင်ခဲ့ကြသည်။ အစိုးရ၏ ဧပြီ ၂၉ ရက် နံနက်ပိုင်းထုတ်ပြန်ချက်အရ COVID-19 ကူးစက်ခံရသူ ၁၅၀ အထိရှိလာပြီး ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန်နှင့် အများပြည်သူဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်စရာအခြေအနေနှင့် ရင်ဆိုင်နေကြရဆဲ ဖြစ်သည်။ သို့သော်လည်း ရောဂါကူးစက်မှု ၁၅၀ တွင် သေဆုံးသူ ခြောက်ဦးသာရှိပြီး ၎င်းတို့ထဲမှ အများစုမှာ အခြားရောဂါအခံများ ရှိနေခြင်းကြောင့် မြန်မာ၏ COVID-19 တွင် သေဆုံးနှုန်းမှာ နိမ့်ပါးသည်ဟု သုံးသပ်ကြသည်။ ယင်းသည် လူအများ၏ ကပ်ရောဂါအပေါ် သုံးသပ်မှုလွဲကာ တားဆီးကာကွယ်ရေးအတွက် သတ်မှတ်စည်းမျဉ်းစည်းကမ်းများကို လိုက်နာမှုအားနည်းမည့် အခြေအနေသည်လည်း စိုးရိမ်စရာဖြစ်နေသည်။ သင်္ကြန်ရုံးပိတ်ရက်များပြီးနောက်တွင် ရန်ကုန်မြို့၌ လုပ်ငန်းအချို့ ပြန်လည် လည်ပတ်နေပြီး အသွားအလာများလာကာ Social Distancing မှ သွေဖည်၍ ရောဂါမပြန့်ပွားရေး လုပ်ဆောင်မှုအတွက် အခက်အခဲ ဖြစ်လာနိုင်စေသည်။
အချို့ကလည်း COVID-19 ကပ်ဘေးနှင့်အတူ ရင်ဆိုင်ကြုံတွေ့ရနိုင်သည့် စီးပွားရေးအခက်အခဲနှင့် စားဝတ်နေရေးပြဿနာကို စိုးရိမ်ပူပန်နေကြသည်။ အစိုးရအနေဖြင့်လည်း COVID-19 နှင့်ပတ်သက်၍ ဘက်စုံအခြေအနေများအပေါ် သုံးသပ်၍ ပြန်လည်ထူထောင်ရေး လုပ်ဆောင်နိုင်ရန် ပြင်ဆင်နေကြသည်။ ယင်းတွင် မြန်မာ့စီးပွားရေးကို ပြန်လည်ထူမတ်နိုင်ရန် လုပ်ဆောင်မည့်အစီအစဉ်များလည်း ပါဝင်သည်။ ကပ်ဘေး၏ နောက်ဆက်တွဲထိခိုက်နိုင်သည့် မြန်မာ့စီးပွားရေးလုပ်ငန်းများကို ပြန်လည်ထူမတ်ရန် မူလသတ်မှတ်ထားသည့် ရန်ပုံငွေ ကျပ်ဘီလျံ ၁၀၀ ကို အခြေအနေပေါ်မူတည်၍ ကျပ် ဘီလျံ ၅၀၀ အထိ တိုးမြှင့်ရန်အပါအဝင် စီးပွားရေးကယ်တင်မှုအစီအစဉ်များကို အစိုးရက ဧပြီ ၂၇ ရက် နေ့စွဲဖြင့် ကြေညာခဲ့သည်။ စီးပွားရေးလုပ်ငန်းများကို ချေးငွေထုတ်ပေးရန်၊ ချေးငွေအာမခံပေးရန်၊ ဒစ်ဂျစ်တယ်ငွေပေးချေမှုများကို အားပေးရန်၊ အသေးစားချေးငွေလုပ်ငန်းများကို အတိုးနှုန်းသက်သာသောချေးငွေများ ထုတ်ပေးရန်၊ ရင်းနှီးမြှုပ်နှံမှုများကို အမြန်ဆွဲဆောင်နိုင်စေရန် စသည့်အစီအစဉ်များလည်း ပါဝင်သည်။ COVID-19 Economic Relief Plan တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အမှာစကားရေးသားပြီး လုပ်ငန်းစဉ်နှင့် ပန်းတိုင် ခုနစ်ရပ်ကို ဖော်ပြထားသည်။ ယင်းတို့တွင် မက်ခရိုစီးပွားရေး ပတ်ဝန်းကျင်ကို ငွေကြေးလှုံ့ဆော်မှုဖြင့် ပြုပြင်ခြင်း၊ ပုဂ္ဂလိကကဏ္ဍသို့ သက်ရောက်နိုင်မှုအပေါ် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေးနှင့် ဘဏ်လုပ်ငန်းပြုပြင်မှုများဖြင့် လျော့ပါးသက်သာစေခြင်း၊ အိမ်ထောင်စုများအပေါ် ရိုက်ခတ်မှုကို လျော့ပါးသက်သာစေခြင်း၊ လုပ်သားများအပေါ် ရိုက်ခတ်မှုကို လျော့ပါးသက်သာစေခြင်း၊ ကုန်ပစ္စည်းသစ်များ၊ ပလက်ဖောင်းများကို အားပေးမြှင့်တင်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ်များ တောင့်တင်းကြံ့ခိုင်အောင် စီမံဆောင်ရွက်ခြင်း၊ COVID-19 ကပ်ရောဂါအပေါ် တုံ့ပြန်သည့် ဘဏ္ဍာရေးကူညီမှုများ အများပြည်သူထံ လက်လှမ်းမီနိုင်စေခြင်းတို့ ပါဝင်သည်။
ကပ်ရောဂါကြီးကို နိုင်ငံအသီးသီးက တွန်းလှန်ရန် ကြိုးစားနေသကဲ့သို့ မြန်မာနိုင်ငံအနေဖြင့်လည်း ရောဂါထိန်းချုပ်ကာကွယ်တားဆီးမှုကို အပြင်းအထန် လုပ်ဆောင်နေရသကဲ့သို့ နောက်ဆက်တွဲ ရိုက်ခတ်လာနိုင်သည့် စီးပွားရေးကဲ့သို့သော ပြဿနာများကိုလည်း ထိထိရောက်ရောက်ဖြစ်အောင် ပြင်ဆင်နေရပြီဖြစ်သည်။ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု စနစ်ကျစေရေးသည် နိုင်ငံတိုင်းအတွက် အရေးကြီးသည်မှာ အမှန်ဖြစ်သည်။ ကပ်ရောဂါကြီးကို တားဆီးနိုင်ပြီးသည့်နောက်တွင်လျှင်ပင် ယင်း၏သက်ရောက်မှုအကျိုးဆက်များ လျော့ပါးစေရန် လုပ်ဆောင်မှု၌ အခက်အခဲများ၊ စိန်ခေါ်မှုများစွာရှိနေသည်ကို အားလုံး သိပြီးဖြစ်ပါသည်။ သန်းနှင့်ချီသော ပြည်သူများ၏အသက်ကို ကယ်တင်နိုင်ရန်နှင့် နောက်ဆက်တွဲဆိုးကျိုးများကို လျော့ပါးအောင် လုပ်ဆောင်ရာတွင် လျင်မြန်သော၊ တိကျပြတ်သား၍ လူအများကို လွှမ်းခြုံနိုင်သော အစိုးရ၏စီမံဆောင်ရွက်ချက်များသည် များစွာအရေးကြီးမည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
■ (ဧပြီ ၃၀ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)








