COVID-19 ရောဂါပျံ့ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်ရန် ပဲခူးတိုင်းဒေသကြီးအတွင်း ညမထွက်ရအမိန့်ကို ထုတ်ပြန်ပြီးချိန်မှစ၍ လက်ရှိအချိန်ထိ စည်းကမ်းလိုက်နာမှု မရှိသူများအား အရေးယူခဲ့ရာ ၇၆ မှု အရေးယူထားကြောင်း သိရသည်။
COVID-19 ရောဂါသည် အများပြည်သူတို့၏ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးများကို ထိခိုက်စေသည့်အပြင် အသက်အန္တရယ် သေဆုံးသည်အထိ ဖြစ်ပွားလာနိုင်သဖြင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အချိန်နှင့်တပြေးညီ ဆောင်ရွက်လျှက်ရှိရာ ရောဂါကူးစက်ပျံ့နှံံ့မှုများကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန်အတွက် ပဲခူးတိုင်းဒေသကြီးအတွင်း ညမထွက်ရအမိန့် (Curfew) ဒေသန္တရအမိန့်ကို ဧပြီ ၁၈ ရက်က ပဲခူးတိုင်းေဒေသကြီး အစိုးရအဖွဲ့မှ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထုတ်ပြန်ပြီးချိန်မှစ၍ စည်းကမ်းလိုက်နာမှု မရှိသူများကို ရေးယူဆောင်ရွက်ခဲ့ရာ ဧပြီ ၂၈ အထိ တိုင်းဒေသကြီး တစ်ခုလုံးတွင် ၇၆ မှုအထိရှိခဲ့ပြီး ပုဒ်မ ၁၈၈ ဖြင့် အရေးယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"ပဲခူးတစ်တိုင်းလုံးမှာ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ကို မလိုက်နာလို့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၈၈ နဲ့ အရေးယူခဲ့တာ လက်ရှိအချိန်ထိ ပဲခူးခရိုင်မှာ ၇ မှု၊ တောင်ငူခရိုင်မှာ လေးမှု၊ သာယာဝတီခရိုင်မှာ ၁၄ မှု၊ ပြည်ခရိုင်မှာ ၅၁ မှု အားလုံး ၇၆ မှု ရှိပါပြီ ပြစ်ဒဏ်ကတော့ အလုပ်မဲ့ ထောင်ဒဏ် တစ်လစီပဲ ချခဲ့ပါတယ်"ဟု ပဲခူးတိုင်းဒေသကြီး တရားရေးဦးစီးမှူး ဒေါ်ကြူကြူဝင်းမှ ပြောကြားသည်။

"ကျွန်တော်တို့က ပုဒ်မ ၁၄၄ ထုတ်တယ်ဆိုတာ ပြည်သူတွေကို အပြစ်ပေးချင်လို့ မဟုတ်ဘူး ပြည်သူတွေအနေနဲ့ မလိုအပ်ပဲ အပြင်ထွက်ရင် ဒီ COVID-19 ရောဂါ ကူးစက်မှာစိုးလို့ နောက်ပြီး ပြည်သူတွေက ရောဂါကြောက်တာကို အခွင့်ကောင်းယူပြီး ခိုးဆိုးလုနိုက်တွေ ပေါမှာစိုးလို့ ဒီညမထွက်ရ ပုဒ်မ ၁၄၄ ကို ထုတ်တာပါ၊ စည်းကမ်း မလိုက်နာရင် ပုဒ်မ ၁၈၈ နဲ့ အလုပ်နဲ့ထောင်ဒဏ် ခြောက်လအထိ ချနိုင်ပါတယ်၊ အဓိကတော့ တရားသူကြီးရဲ့ ဆင်ခြင်တုံတရားနဲ့ ပြစ်ဒဏ်လျှော့တာ တိုးတာလည်း ရှိနိုင်ပါတယ်"ဟု ပဲခူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးက ပြောကြားသည်။

ပဲခူးတိုင်းဒေသကြီး ၂၈ မြို့နယ်တွင် ညမထွက်ရမိန့်ကို ဖောက်ဖျက်၍ ပုဒ်မ ၁၈၈ ဖြင့် အရေးယူထားမှု ၇၆ မှုအပြင် သဘာဝဘေးအန္တရယ်ပုဒ်မဖြင့် သာယာဝတီခရိုင်တွင် တစ်မှု၊ ပြည်ခရိုင်တွင် တစ်မှုရှိခဲ့၍ သာဝဘေးအန္တရာယ်ပုဒ်မဖြင့် ပဲခူးတိုင်းအတွင်း နှစ်မှု အရေးယူထားကြောင်းလည်း သိရသည်။















