ကလေးမြို့တွင် ညမထွက်ရအမိန့် ဖောက်ဖျက်သူ အမျိုးသမီး နှစ်ဦး အပါအဝင် စုစုပေါင်း ၁၂ ဦးကို ထောင်ဒဏ် သုံးလစီ အမိန့်ချမှတ်ခဲ့သည်ဟု သိရသည်။
" ကျွန်တော်တို့ကတော့ အရေးယူလိုက်တော့ ထောင်တော့ ကျတာပေါ့ ။ ပထမကတော့ ၁၃ ဦး ရှိတာပေါ့ ။ တစ်ယောက်က အသက်မပြည့်သေးတော့။ ကလေးသူငယ် အက်နဲ့ ရဲက သူတို့ကိစ္စ သူတို့ လုပ်လိမ့်မယ်။ ကျန် တဲ့ ၁၂ ဦးကို တရားစွဲလိုက်ပါတယ်။ လှည့်ကင်းတွေက အမြဲတမ်းလုပ်နေမှာပါ။ မနေ့က တော့ မြို့နယ် အဖွဲ ့တွေ နဲ့ လုပ်လိုက်တာပါ ။လူမှုရေးအဖွဲ့တွေနဲ့ ၊ ရပ်ကွက်အဖွဲ့တွေကလည်း လုပ်သွားအုန်းမှာပါ" ဟု ကလေးမြို့ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်မှ ပြောကြားခဲ့ပါသည်။
အဆိုပါ ဖမ်းဆီးရမိသူများသည် ဧပြီလ ၂၆ ရက် ညပိုင်းတွင် ညမထွက်ရအမိန့်ကို ဖောက်ဖျက်ခဲ့သည့်အတွက် ဖမ်းဆီးအရေးယူခဲ့ခြင်း ဖြစ်သည်ဟု သိရသည် ။ ကလေးမြို့နယ်အတွင်းတွင် ည ၁၀ နာရီမှ မနက် ၄ နာရီ အတွင်း အမိန့်တစ်စုံတစ်ရာမရှိဘဲ လုံခြုံရေးတာဝန်ရှိသူမှအပ သွားလာခြင်းမပြုရအမိန့် ပါဝင်သည့် ပုဒ်မ ၁၄၄ ကို ဧပြီလ ၁၇ ရက်တွင် ကလေးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှူးမှ ထုတ်ပြန်ထားသည်။ COVID-19 ရောဂါသည် အများပြည်သူများ၏ ကျန်းမာရေး ၊ လူမှုရေး ၊ စီးပွားရေးများကို ထိခိုက်စေသည့်အပြင် အသက်အန္တရယ် သေဆုံးသည်အထိ ဖြစ်ပွားလာနိုင်သဖြင့် ကလေးမြို့နယ်အတွင်း ဒေသတစ်ခုမှ တစ်ခုသို့ လည်းကောင်း ၊ ဒေသတစ်ခုမှ အခြားဒေသ တစ်ခုသို့ လည်းကောင်း ၊ သတ်မှတ် နယ်နိမိတ်အတွင်း နေအိမ်ပြင်ပသို့ ထွက်ခွာခြင်း ၊ စုဝေးခြင်း ဆောင်ရွက်ခြင်း မပြုရန် အများပြည်သူ လိုက်နာကျင့်သုံးနိုင်ရေး အတွက် ပုဒ်မ ၁၄၄ (ညမထွက်ရအမိန့်) ကို ထုတ်ပြန်ခြင်း ဖြစ်သည်ဟု သိရသည်။
"တစ်ယောက်ကို ထောင် သုံးလစီ ချလိုက်ပါတယ် ။ ၁၂ ယောက်ပါ ။ တစ်ယောက်က အသက် မပြည့်သေးတော့ ဘယ်လိုလုပ်မယ်ဆိုတာ မသိရသေးဘူး ။ ၁၂ ယောက်ထဲမှာ အမျိုးသမီး နှစ်ယောက်ပါတယ် ။ ကျွန်တော်တို့က တရားဥပဒေစိုးမိုးရေးကို ပြန်စဉ်းစားရမယ့် အခြေအနေ ဖြစ်နေတယ် ။ အစိုးရက ထုတ်ပြန်တဲ့ အမိန့်အရလုပ်တဲ့ လုပ်ငန်းစဉ်တွေမှာ ပြည်သူလူထုက ထဲထဲဝင်ဝင် ပူးပေါင်းစေချင်ပါတယ် ။ မလိုအပ်ပဲ ထုတ်ရင် တော်ကလျှောက် အရေးယူမှုတွေ လုပ်မှာပါ။ ပြည်သူတွေအနေနဲ့ မလိုအပ်ပဲ ညရေးညတာတွေ မထွက်ဖို့ အသိပေးချင်ပါတယ်။ ရပ်ကွက်ကြီး ၂၀ မှာ လှည့်ကင်း ၊ ပတ်ကင်းတွေ လုပ်သွားမယ်လို့ သိရပါတယ် " ဟု အထက်ချင်းတွင်းလူငယ်ကွန်ယက်မှ ဦးကျော်သက်ဝင်းက ပြောကြားသည်။















