အလုပ်လက်မဲ့ ဖြစ်မှုကြောင့် ဖြစ်ပွားသော သိသာထင်ရှားပြီး အထောက်အထား မှတ်တမ်း ခိုင်ခိုင်လုံလုံရှိသည့် လူမှုရေးပြဿနာပေါင်း များစွာရှိသည်။ အားလပ်နေသည့် အချိန်များလာခြင်းနှင့် စိတ်ဖိစီးခြင်းတို့ကြောင့် အရက်သောက်မှုနှုန်း၊ မူးယစ်ဆေးစွဲမှုနှုန်းနှင့် အိမ်တွင်းအကြမ်းဖက်မှု ဖြစ်ပွားနှုန်းတို့ မြင့်တက်လာသည်။ ထို့အပြင် အလုပ်လက်မဲ့ ဖြစ်မှုနှုန်း မြင့်မားခြင်းသည် အိမ်ထောင်ပြိုကွဲမှုနှုန်း၊ လူ့အဖွဲ့အစည်းအတွင်း သဘောထားကွဲလွဲခြင်းနှင့် ခွဲခြားဆက်ဆံခြင်း၊ မိမိကိုယ်ကိုယ် သတ်သေမှုနှုန်းနှင့် ရာဇဝတ်မှုဖြစ်ပွားမှုနှုန်း (အထူးသဖြင့် လူငယ်များအကြား) တို့ကို မြင့်တက်လာစေသည်။
အလုပ်လက်မဲ့ ဖြစ်မှုသည် မိသားစုအတွင်း တာဝန်ဝတ္တရား ပျက်ယွင်းခြင်းနှင့်လည်း ဆက်နွှယ်နေသည်။ အလုပ်လက်မဲ့ ဖြစ်မှုသည် မိဘနှင့် ကလေးများအကြား အပြန်အလှန် ဆက်ဆံရေး၊ လင်နှင့် မယား ဆက်ဆံရေး အစရှိသည်တို့အပေါ် သက်ရောက်မှုရှိသည်။ အလုပ်လက်မဲ့မိဘများသည် ကလေးများနှင့် အချိန်ပို၍ကြာစွာ အတူရှိနေနိုင်သော်လည်း အပြန်အလှန် ဆက်ဆံမှု အရည်အသွေးသည် အလုပ်ရှိသော မိဘများနှင့် နှိုင်းယှဉ်ပါက နိမ့်ကျ၍နေသည်။ ထို့ကြောင့် အချိန်ပို၍ ကြာကြာရှိခြင်းက ပြဿနာများများ ဖြစ်နိုင်ခြေကိုပင် ပို၍မြင့်မားစေသည်။
အလုပ်လက်မဲ့ဖြစ်မှုသည် လူတစ်ဦး၏ စိတ်ပိုင်းဆိုင်ရာကိုလည်း ထိခိုက်စေနိုင်သည်။ လေ့လာမှုများစွာတို့အရ အလုပ်လက်မဲ့ဖြစ်မှုနှင့် မိမိကိုယ်မိမိ ယုံကြည်မှု လျော့နည်းခြင်းတို့အကြား ဆက်နွှယ်ချက်သည် စိတ်ကျရောဂါဖြစ်မှုဆီသို့ ဦးတည်၍သွားစေကြောင်း တွေ့ရှိရသည်။ ၎င်းအပြင် စိုးရိမ်စိတ်နှင့် စိတ်ဖိစီးမှုတို့လည်း မြင့်တက်လာပြီး အခြားစိတ်ပိုင်းဆိုင်ရာ ရောဂါများဖြစ်မှုဆီသို့လည်း ဦးတည်သွားစေနိုင်သည်။
ယခုအခါ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ကန့်သတ်ရန်အတွက် ကမ္ဘာတစ်လွှား၌ ချထားသည့် ကန့်သတ်မှုများသည် မကြာသေးမီကာလသမိုင်းတွင် အပြင်းထန်ဆုံး စီးပွားရေးပျက်ကပ်ကြီး ဖြစ်လာစေနိုင်သည်ဟု စီးပွားရေးပညာရှင်များက ပြောကြားခဲ့သည်။ အလုပ်လက်မဲ့ဖြစ်မှုနှုန်းသည် အမေရိကန်ပြည်ထောင်စုတွင် ရာခိုင်နှုန်း ၃၀ အထိ မြင့်တက်လာဖွယ်ရှိသည်ဟု စိန့်လူဝီဗဟိုဘဏ်ဥက္ကဌ ဂျိမ်းဘူးလက်က ပြောကြားခဲ့သည်။ ဥရောပသည်လည်း အလားတူ ခံစားရလိမ့်မည်ဟု ဆိုသည်။ “ ယူရိုဇုန်မှာ အလုပ်လက်မဲ့နှုန်းဟာ ဇွန်လအကုန်မှာ ၁၂ ရာခိုင်နှုန်းလောက် မြင့်တက်လာပါလိမ့်မယ်။ လပိုင်းအတွင်း ခုနစ်နှစ်စာ အကျိုးအမြတ်ကို စွန့်လွှတ်လိုက်ရပါလိမ့်မယ်” ဟု လန်ဒန်မြို့အခြေစိုက် Capital Economics အဖွဲ့မှ ဒေးဗစ်အောက်စလေက ပြောကြားခဲ့သည်။
ထို့ကြောင့် ကမ္ဘာကြီးသည် ရောဂါကပ်ဘေးကြီးကို ကျော်လွှားနိုင်ခဲ့ပြီးလျှင်ပင် ပြင်းထန်သည့် စီးပွားရေးပျက်ကပ်ကြီးကို ခံရမည်မှာ သေချာ၍ နေလေပြီ။ အဆိုးရွားဆုံးမှာ လူအများ အလုပ်အကိုင် မရှိတော့ဘဲ အလုပ်အကိုင်များ အသည်းအသန် ရှာဖွေနေရတော့မည့် အလုပ်လက်မဲ့ပြဿနာ ဖြစ်သည်။ အလုပ်လက်မဲ့နှုန်းက သမိုင်းတစ်လျှောက် မကြုံဖူးသည့်နှုန်းအထိ မြင့်တက်လာပေလိမ့်မည်။ အလုပ်လက်မဲ့နှုန်းဟူသည် အလုပ်လက်မဲ့များ ပျံ့နှံ့နေပုံကို တိုင်းတာချက်တစ်ရပ်ဖြစ်ပြီး အလုပ်လက်မဲ့အရေအတွက်ကို လက်ရှိအလုပ်အကိုင်ရှိသောသူ အရေအတွက်ဖြင့် စားကာ ရာခိုင်နှုန်းရှာထားခြင်း ဖြစ်သည်။ စီးပွားရေးပျက်ကပ်ကာလများအတွင်း စီးပွားရေးအဆောက်အအုံ တစ်ခုအနေဖြင့် အလုပ်လက်မဲ့နှုန်း မြင့်မားခြင်းနှင့် ရင်ဆိုင်ရသည်မှာ ဓမ္မတာပင်။ အလုပ်လက်မဲ့ ပြဿနာနှင့်ပတ်သက်၍ အကျိုးဆက်များနှင့် ဖြေရှင်းရန်နည်းလမ်းများသည် သဘောတရားရေးရာအရ အငြင်းပွားလျက်ရှိဆဲဖြစ်သည်။
Keynesian စီးပွားရေးပညာက အလုပ်လက်မဲ့ပြဿနာ၏ သံသရာလည်တတ်သော သဘောသဘာဝကို အထူးပြုဖော်ပြခဲ့ပြီး စီးပွားရေးပျက်ကပ်များအတွင်း အလုပ်လက်မဲ့လျော့ပါးရေးကို သေချာစေမည့် အစိုးရ၏ ဝင်ရောက်ဆောင်ရွက်မှုများကို အကြံပြုထားသည်။ Keynesian စီးပွားရေးပညာက အလုပ်သမားလိုအပ်ချက် မြင့်မားစေရန် ရည်ရွယ်ရေးဆွဲထားသည့် အစိုးရ၏ပါဝင်ဆောင်ရွက်မှုများကို အကြံပြုထားသည်။ ယင်းတွင် ငွေကြေးလည်ပတ်စီးဆင်းမှုထဲသို့ အရင်းအနှီးများ ထည့်သွင်းခြင်း၊ အများပြည်သူဆိုင်ရာ ရန်ပုံငွေဖြင့် အလုပ်အကိုင်များ ဖန်တီးခြင်းနှင့် ငွေကြေးဆိုင်ရာမူဝါဒများ ချမှတ်ခြင်း အစရှိသည်တို့ ပါဝင်သည်။ Keynes က အလုပ်လက်မဲ့ပြဿနာ၏ အရင်းအမြစ်သည် ထုတ်ကုန်များ ပိုမိုထုတ်လုပ်ရေးထက် ငွေကြေးအမြတ်အစွန်း ပိုမိုရရှိရေးကိုသာ အလိုရှိသည့် ရင်းနှီးမြှုပ်နှံသူများ၏ စိတ်ဆန္ဒဖြစ်သည်ဟု ယုံကြည်သည်။
မည်သို့ပင်ဆိုစေ၊ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် ပိုမိုဆိုးရွားလာနိုင်သည့် အလုပ်လက်မဲ့ပြဿနာကို ဖြေရှင်းရန် အစိုးရတစ်ရပ်အနေဖြင့် ကောင်းမွန်သည့် မူဝါဒတစ်ရပ် ချမှတ်လျက် စနစ်တကျ အကောင်အထည်ဖော်ရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
■ (ဧပြီ ၂၆ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)








