အရေးပေါ်ရိက္ခာအဖြစ် ဆန်တန်ချိန် ၅၀၀၀၀ နှင့် စားသုံးဆီတန်ချိန် ၁၂၀၀၀ ဝယ်ယူရန် ကျပ် ၃၈ ဘီလျံ သုံးစွဲသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

အရေးပေါ်ရိက္ခာအဖြစ် ဆန်တန်ချိန် ၅၀၀၀၀ နှင့် စားသုံးဆီတန်ချိန် ၁၂၀၀၀ ဝယ်ယူရန် ကျပ် ၃၈ ဘီလျံ သုံးစွဲသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
Video Conferencing ဖြင့် ကျင်းပသည့် နိုင်ငံတော်အရန်ရိက္ခာများ ဝယ်ယူစုဆောင်းရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို တွေ့ရစဉ် (ဓာတ်ပုံ - စီးပွား/ကူးသန်း)
Video Conferencing ဖြင့် ကျင်းပသည့် နိုင်ငံတော်အရန်ရိက္ခာများ ဝယ်ယူစုဆောင်းရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို တွေ့ရစဉ် (ဓာတ်ပုံ - စီးပွား/ကူးသန်း)
Published 23 April 2020
ဇေယျာငြိမ်း

အရေးပေါ်ရိက္ခာအဖြစ် ဆန်တန်ချိန် ၅၀,၀၀၀ နှင့် စားသုံးဆီတန်ချိန် ၁၂,၀၀၀ ဝယ်ယူရန် ကျပ် ၃၈ ဘီလျံ သုံးစွဲသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

ဧပြီ ၂၂ ရက်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် မန္တလေးတိုင်းဒေသကြီး ကုန်သည်လုပ်ငန်းရှင်များအကြား Video Conferencing ဖြင့် ပြုလုပ်သည့် နိုင်ငံတော်အရန်ရိက္ခာများ ဝယ်ယူစုဆောင်းရေး၊ ကုန်စျေးနှုန်းတည်ငြိမ်ရေးနှင့် ကုန်စည်စီးဆင်းမှု အဆင်ပြေချောမွေ့စေရေး ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော် အရန်ရိက္ခာအဖြစ် ဆန်တန်ချိန် ငါးသောင်းနှင့် စားအုန်းဆီ တန်ချိန် ၁၂၀၀၀ ဝယ်ယူရန်အတွက် ငွေကျပ် ၃၈ ဘီလျံ ခွင့်ပြု ချက်ရရှိထားပြီးဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ဆိုသည်။ ယင်းကဲ့သို့ ဝယ်ယူခြင်းမှာ အရေးပေါ်ရိက္ခာအဖြစ် အဓိကကျသည့် ဆန်နှင့်ဆီကို ဝယ်ယူခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းပြောကြားသည်။

COVID-19 ရောဂါပြန့်ပွားမှုနှုန်း မြင့်တက်လာပါက အရန်ရိက္ခာဝယ်ယူရေး ကိစ္စကို ကုန်သည်စက်မှု အသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ မန္တလေးတိုင်းဒေသကြီးရှိ ကုန်သည်လုပ်ငန်းရှင်အသင်းအဖွဲ့ အနေဖြင့်လည်း လိုအပ်သည့် အကြံပြုချက်များ ရရှိစေရန်အတွက် တိုင်ပင်ညှိနှိုင်း ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အနေဖြင့် ကုန်စျေးနှုန်း တည်ငြိမ်ရေး၊ အခြေခံ လူတန်းစားများသို့ ကုန်စည်ဖြန့်ဖြူးရာတွင် အဆင်ပြေ ချောမွေ့စေရေး၊ COVID-19 ကြောင့် စီးပွားရေးထိခိုက်မှု လျော့နည်းစေရေး၊ ကုန်စည်စီးဆင်းရာ လမ်းကြောင်းတစ်လျှောက် အဆင်ပြေ ချောမွေ့စေရေးတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် နှစ်စဉ်စပါးစိုက်ဧက ၁၇ ဒသမ ၈ သန်းခန့်စိုက်ပျိုးပြီး အထွက်နှုန်း အနေဖြင့် တစ်နှစ်လျှင် စပါးတန်ချိန် ၂၇ သန်းဝန်းကျင်ရှိသည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်သည် ငါးနှစ်အတွင်း တန်ချိန် ၂၇ ဒသမ ၅ သန်းကျော်ဖြင့် အများဆုံး ထွက်ရှိသည့်နှစ် ဖြစ်ကြောင်း လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနကို ကိုးကားပြီး ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်ထားသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် စပါးစိုက်ဧက ၁၇၈၆၁၀၅၅ (၁၇ သန်းကျော်) စိုက်ပျိုးပြီး အထွက်နှုန်း အနေဖြင့် စပါးတန်ချိန် ၂၇၅၇၃၅၈၉ ( ၂ရသန်းကျော်)ထွက်ရှိခဲ့သဖြင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အထိ ငါးနှစ်အတွင်း စပါးအထွက်နှုန်း အများဆုံးနှစ်ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent