COVID-19 ကာကွယ်တားဆီးရေးဆိုင်ရာ စီမံခန့်ခွဲခြင်း

COVID-19 ကာကွယ်တားဆီးရေးဆိုင်ရာ စီမံခန့်ခွဲခြင်း
Published 22 April 2020

သင်္ကြန်ရုံးပိတ်ရက် ကာလများအပြီးတွင် အချို့သော စက်ရုံအလုပ်ရုံများ ပြန်လည်လည်ပတ်ကြခြင်းနှင့် လုပ်ငန်းခွင်ပြန်ဝင်သည့် အလုပ်သမားများကြောင့် လူစုလူဝေးဖြစ်စေပြီး ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် စိုးရိမ်စရာဖြစ်ခဲ့ရသည့်အပေါ် အာဏာပိုင်တို့၏ အားနည်းမှုရှိခဲ့ခြင်းကို ဝေဖန်ခဲ့ကြသည်။ ရန်ကုန်တွင် စက်ရုံ၊ အလုပ်ရုံများ သတ်မှတ်ရက်မတိုင်မီ ပြန်လည်ဖွင့်လှစ်ခြင်းသည် အစိုးရ၏ထုတ်ပြန်ချက် နောက်ကျခြင်း ကြောင့်ဖြစ်သည်ဟု ဆိုကြသည်။ COVID ရောဂါထိန်းချုပ်နိုင်ရေးအတွက် စက်ရုံ၊ အလုပ်ရုံများ ဧပြီ ၂၀ မှ ၃၀ ရက်အထိပိတ်ထားမည်ဖြစ်ပြီး ယင်းကာလတွင် လိုအပ်သည့်စစ်ဆေးမှု ပြုလုပ်မည်ဟုဆိုသော်လည်း အချို့သော အလုပ်ရုံများက အစိုးရ၏ တိကျသည့်ညွှန်ကြားချက် ရောက်မလာခြင်းကြောင့်ဖြစ်သည်ဟု ဆိုသည်။ ယမန်နေ့က ပြုလုပ်ခဲ့သည့် အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမား သုံးပွင့်ဆိုင် အွန်လိုင်းတွေ့ဆုံဆွေးနွေးမှုတွင် စက်ရုံ၊ အလုပ်ရုံနှင့် အလုပ်ဌာနများကို စစ်ဆေးပြီးမှ ဖွင့်ခွင့်ပြုမည်ဆိုသည့် အစိုးရ၏ကြေညာချက် အချိန်ကပ်ပြီးမှ ထုတ်ပြန်ခဲ့မှုအပေါ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း တောင်းပန်စကားပြောကြားခဲ့သည်။

ကမ္ဘာ့ကပ်ရောဂါဆိုးကြီးဖြစ်သည့် COVID-19 သည် မြန်မာနိုင်ငံပေါ်လည်း ကြီးစွာရိုက်ခတ်လျက်ရှိသည်။ ယမန်နေ့ ည​နေပိုင်းအထိ အစိုးရ၏ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၂၀ ကျော် ရှိပြီဖြစ်သည်။ ကြိုတင်မျှော်မှန်းထားမှုအရပင် COVID-19 ရောဂါသည် မြန်မာနိုင်ငံကိုလည်း ပြင်းထန်စွာ ခြိမ်း​​ခြောက်လာနေပြီဖြစ်သည်။ သို့ဆိုလျှင် တာဝန်ရှိသည့်အစိုးရအနေဖြင့် ၎င်းတို့၏အစီအမံများကို ပြည်သူလူထုထံ အလျင်အမြန် စီးဆင်းနိုင်ရန်၊ သက်ရောက်ရန် ကြိုးစားအားထုတ်ကြရမည်ဖြစ်သည်။ လက်ရှိအခြေအနေကို ကြည့်လျှင် အစိုးရ၏ လုပ်ဆောင်ချက်များအပေါ် ဝေဖန်မှုအချို့ရှိနေသည်က အမှန်ပင်ဖြစ်သည်။ ဝေဖန်မှုတွင် ရောဂါကာကွယ်မှုနှင့် ယင်းသို့ကာကွယ်ရာတွင် လုပ်ဆောင်ရမည့်အချက်အလက်များ နိုင်ငံသားတို့၏ စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ အကာအကွယ်ပေးနိုင်ရေးအတွက် လုပ်ငန်းစဉ်အဆင့်ဆင့်အပေါ် အများသိရှိရန်နှင့် အများနားရှင်းစေရန် ထိရောက်သော ထုတ်ပြန်နိုင်စွမ်းတွင် အားနည်းချက်ရှိ​​နေသည်ဟု ပါရှိသည်။ မှန်ကန်သောသတင်းများ၊ အများပြည်သူအတွက် ထိရောက်သော လုပ်ဆောင်မှုများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေး လုပ်ဆောင်နိုင်စွမ်းသည် လက်ရှိကာလတွင် ပို၍အရေးကြီးနေပေသည်။ ပြည်သူအကျပ်အတည်း ဖြစ်နေချိန်တွင် အစိုးရက အချိန်မလပ် ပြန်ကြားပေးနိုင်ရမည်။ လူထုသိချင်သော မေးခွန်းများကို နည်းလမ်းအမျိုးမျိုးဖြင့် ဖြေကြားပေးနိုင်ရမည်။ ထိုသို့ဖြေကြားရာတွင် ပွင့်လင်းမြင်သာ၍ မှန်ကန်သော အချက်အလက်၊ ယုတ္တိရှိသော အကြောင်းအရာနှင့် ထိရောက်အကျိုးရှိသော အခြေအနေများကို ချပြရှင်းလင်းနိုင်ရမည်။ ထိုသို့ဆိုလျှင် လူအများကြားပျံ့နှံ့နေသော မှန်ကန်မှုမရှိသည့် သတင်းများ၊ ကောလာဟလများသည် ကြာရှည်ခံနိုင်မည်မဟုတ်ပေ။ လူထုအနေဖြင့်လည်း အစိုးရ အာဏာပိုင်တို့အပေါ် ယုံကြည်စွာဖြင့် အားကိုး၍ လိုက်နာလုပ်ဆောင်ကြလိမ့်မည်။

အကျပ်အတည်းကာလတွင် အခြေအနေနှင့် အချိန်အခါအပေါ်လိုက်၍ လူထုသိသင့်သည့်အကြောင်းအရာများ၊ လိုအပ်ချက်များကို လုပ်ဆောင်ပေးရမည်မှာ အစိုးရ၏တာဝန်လည်း ဖြစ်သည်။ ကပ်ဘေးမကြုံမီ ရင်ဆိုင်ရမည့် အခြေအနေများ၊ ပြင်ဆင်ရမည့်အရာများနှင့် ကပ်ဘေးဖြစ်ပွားသည့်အချိန်တွင် ရင်ဆိုင်ရမည့်အခြေအနေနှင့် ပြင်ဆင်လုပ်ဆောင်မှုသည် တူနိုင်မည်မဟုတ်ပေ။ ကပ်ဘေးပြီးဆုံးသွား၍ ပြန်လည်ထူထောင်ရတော့မည့် အချိန်တွင်လည်း ရင်ဆိုင်ကြုံတွေ့ရမည့်အခြေအနေနှင့် ပြင်ဆင်ရမည့်အရာများသည် ပြောင်းလဲသွားမည်ဖြစ်သည်။ ထို့ကြောင့် အခြေအနေနှင့် အချိန်အခါပေါ်လိုက်၍ ဦးဆောင်သူအစိုးရ၏ လုပ်ဆောင်ချက်များသည် ပြည်သူတို့အပေါ် သက်ရောက်ပေမည်။ လက်ရှိရောဂါကပ်ဘေးသည် တစ်ကမ္ဘာလုံးကို ရိုက်ခတ်နေပြီဖြစ်ရာ မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးမှုနှောင့်နှေးနေသော နိုင်ငံအနေဖြင့် သက်ရောက်နိုင်မှု အတိုင်းအဆသည် ခန့်မှန်းရန်ပင်ခက်ပေလိမ့်မည်။ ထိုအခါအစိုးရ၏ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲနိုင်မှုသည် များစွာအရေးကြီးပြီး ပြည်သူများအနေဖြင့်လည်း COVID ရောဂါ ကာကွယ်တိုက်ဖျက်ရေးတွင် အစိုးရတာဝန်ရှိသူတို့၏ ဥပဒေများ၊ ကြေညာချက်များအပေါ် အလေးဂရုပြု လုပ်ဆောင်နိုင်ရန် အရေးကြီးပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

■ (ဧပြီ ၂၃ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent