ဘာစီလိုနာကွင်းလယ်လူဟောင်း အင်နီယေစတာက ၎င်းတို့ခေတ်က ရွှေရောင်မျိုးဆက်စုဖွဲ့မှုမျိုး အသင်းအနေဖြင့် ပြန်မရနိုင်တော့ဟု သုံးသပ်ခဲ့သည်။
သို့သော် ဘာစီလိုနာအသင်းမှာ အဆိုးရွားဆုံးအခြေအနေသို့ ရောက်ရှိသွားနိုင်သည့်အသင်းမျိုးမဟုတ်ဟုလည်း မှတ်ချက်ပြုခဲ့သည်။

'' ဒီလိုပုံစံမျိုး ထပ်တူ ဘယ်တော့မှမဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ အဆိုးရွားဆုံးအခြေအနေလည်း ရောက်မသွားနိုင်ပါဘူး။ ကလပ်အသင်းသမိုင်းမှာ လူငယ်ကစားသမားတွေက အသင်းရလဒ်ဆိုးချိန်၊ ဒါမှမဟုတ် လူငယ်အသင်းကို အာရုံစိုက်လာချိန်စတဲ့ အခွင့်အရေးမျိုးကို အသုံးချရတာပါ။ ကျွန်တော်တို့ခေတ်မှာ ဒါမျိုး ဖြစ်ပျက်ခဲ့ပါတယ်။ ကလပ်အသင်းမှာ နှစ်အကြာကြီးနေပြီး ငယ်ရွယ်ကတည်းက အတူကြီးပြင်းလာကြတယ်။ အသင်းကြီးကို အတူရောက်ရှိပြီး ၁၀ နှစ်၊ ၁၂ နှစ်၊ ၁၅ နှစ် အတူကစားကြကာ အသင်းခေါင်းဆောင်တွေလည်း ဖြစ်လာခဲ့ကြတယ်။ လက်ရှိမှာ အဲဒီလိုထပ်ဖြစ်ဖို့ အလွန်ခက်ခဲပါတယ်''ဟု အင်နီယေစတာက Guardian သတင်းစာသို့ ပြောကြားခဲ့သည်။
လာမည့်မေလတွင် (၃၆)နှစ်ပြည့်တော့မည့် အင်နီယေစတာသည် ဘာစီလိုနာအသင်းအတွက် ပွဲပေါင်း(၆၀၀)ကျော် ကစားခဲ့ပြီးနောက် ၂၀၁၈ ခုနှစ်တွင် ဂျေလိဂ်ကလပ် ဗစ်ဆဲလ်ကိုဘေအသင်းသို့ ပြောင်းရွှေ့ခဲ့သည်။

အင်နီယေစတာအနေဖြင့် ဗစ်ဆဲလ်ကိုဘေအသင်းနှင့် ၂၀၂၁ ခုနှစ်အထိ စာချုပ်ထားသော်လည်း ယင်းနောက်ပိုင်းတွင်လည်း ဘောလုံးဆက်ကစားရန် ဆန္ဒရှိနေသည်ဟု ဝန်ခံခဲ့သည်။
လက်ရှိတွင် ဘာစီလိုနာအသင်း၏ရွှေရောင်မျိုးဆက်များထဲမှ မက်ဆီ၊ ပီကေးနှင့် ဘူးစကွက်စ်တို့ (၃)ဦးသာ ကျန်ရှိတော့ကြောင်း သိရသည်။
ဇာဗီ၊ ပူယိုးလ်၊ ဗဲလ်ဒက်စ်စသည့် ကစားသမားများမှာမူ ကစားသမားဘဝမှပင် အနားယူသွားခဲ့ပြီဖြစ်သည်။















