၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီတွင် စားသုံးသူစျေးဆနှုန်း (CPI) ၁၆၁ ဒသမ ၂၉ ဖြစ်ပေါ်ခဲ့ပြီး ယခင်နှစ်ကာလတူထက် ၈ ဒသမ ၃၆ ရာခိုင်နှုန်းမြင့်တက်

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီတွင် စားသုံးသူစျေးဆနှုန်း (CPI) ၁၆၁ ဒသမ ၂၉ ဖြစ်ပေါ်ခဲ့ပြီး ယခင်နှစ်ကာလတူထက် ၈ ဒသမ ၃၆ ရာခိုင်နှုန်းမြင့်တက်
ရန်ကုန်မြို့ မြို့နယ်တစ်ခုအတွင်းရှိ စျေးကြီးတစ်စျေးတွင် စျေးသည်စျေးဝယ်တို့ကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ရန်ကုန်မြို့ မြို့နယ်တစ်ခုအတွင်းရှိ စျေးကြီးတစ်စျေးတွင် စျေးသည်စျေးဝယ်တို့ကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 9 April 2020
စည်သူအောင်

 

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီတွင် စားသုံးသူစျေးဆနှုန်း (CPI) ၁၆၁ ဒသမ ၂၉ ရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ၈ ဒသမ ၃၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်သည့် စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း အခြေအနေအရ သိရသည်။

၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် တွက်ချက်ထားသော ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီအတွက် တစ်နိုင်ငံလုံး၏ စားသုံးသူစျေးဆနှုန်းမှာ အစားအစာအုပ်စုအတွက် ၁၇၂ ဒသမ ၇၆၊ အစားအစာမဟုတ်သောအုပ်စုအတွက် ၁၄၅ ဒသမ ၁၅ နှင့် အုပ်စုအားလုံးအတွက် ၁၆၁ ဒသမ ၂၉ ရှိပြီး ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ၌ ဖြစ်ပေါ်ခဲ့သော စားသုံးသူစျေးဆနှုန်းနှင့် နှိုင်းယှဉ်ပါက ၈ ဒသမ ၃၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်းဖြစ်သည်။

ယခင်နှစ်ကာလတူထက် စားသုံးသူစျေးဆနှုန်း မြင့်တက်လာခြင်းမှာ စားသုံးသူစျေးဆနှုန်းတွက်ချက်ရန် ကောက်ခံသည့် အုပ်စုအားလုံးတွင်ပါဝင်သည့် ကုန်ပစ္စည်းစျေးနှုန်းများ ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက သိသိသာသာ မြင့်တက်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် ၂၀၁၈ ခုနှစ် ဇွန်မှ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီအထိ ဖြစ်ပေါ်ခဲ့သော တစ်နိုင်ငံလုံး၏ စားသုံးသူစျေးဆနှုန်းကို လေ့လာပါက ၂၀၁၈ ခုနှစ် ဇူလိုင်တွင် ၁၄၁ ဒသမ ၁၃ ရှိရာမှ တဖြည်းဖြည်း မြင့်တက်လာခဲ့ရာ ၂၀၁၈ ခုနှစ် နိုဝင်ဘာတွင် ၁၄၈ ဒသမ ၉၅ အထိမြင့်တက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က သုံးသပ်တင်ပြထားသည်။ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်းတွင်မူ မြန်မာကျပ်ငွေနှင့် အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းများ ကျဆင်းလာခြင်းကြောင့် ဆက်စပ်ကုန်ပစ္စည်းစျေးနှုန်းများ ကျဆင်းလာခြင်း၊ ဆန်သစ်ပေါ်ချိန်ဖြစ်၍ စျေးနှုန်းများကျဆင်းခြင်း၊ ဆောင်းရာသီဖြစ်ခြင်းကြောင့် အသီးအနှံစျေးနှုန်းများ၊ ဟင်းသီးဟင်းရွက်စျေးနှုန်းများနှင့် ကုန်ခြောက်ပစ္စည်းစျေးနှုန်းများ ကျဆင်းလာခြင်းတို့ကြောင့် စားသုံးသူစျေးဆနှုန်းမှာ အနည်းငယ်ပြန်လည်ကျဆင်းခဲ့ကြောင်း သိရသည်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီ၌ နိုင်ငံခြားငွေလဲနှုန်းများ ဆက်တိုက်ကျဆင်းခဲ့သော်လည်း အသား၊ ငါးနှင့် ဥစျေးနှုန်းများ မြင့်တက်လာခြင်းနှင့် ရွှေစျေးနှုန်းများ မြင့်တက်နေခြင်းတို့ကြောင့် စားသုံးသူစျေးဆနှုန်း ပြန်လည်မြင့်တက်ခဲ့ရာ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီအထိ ဆက်လက်မြင့်တက်လာသည်ကို တွေ့ရကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က သုံးသပ်တင်ပြထားသည်။

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးများ၌ ဖြစ်ပေါ်ခဲ့သော စားသုံးသူစျေးဆနှုန်းများကို ကြည့်ပါက တိုင်းဒေသကြီး၊ ပြည်နယ်နှင့် မြို့ကြီးသုံးမြို့ (ရန်ကုန်၊ မန္တလေး၊ နေပြည်တော်) တွင် ယခင်လနှင့် နှိုင်းယှဉ်ပါက ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မန္တလေးမြို့တွင် အနည်းငယ်မြင့်တက်နေပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကျဆင်းလျက်ရှိသည်။ နှစ်အလိုက် ပြောင်းလဲမှုရာခိုင်နှုန်းအနေဖြင့် ဧရာဝတီတိုင်းဒေသကြီးတွင် ၁၄ ဒသမ ၁၉ ရာခိုင်နှုန်းဖြင့် အများဆုံးပြောင်းလဲမှုဖြစ်ပေါ်နေပြီး ချင်းပြည်နယ်တွင် ၄ ဒသမ ၄၆ ရာခိုင်နှုန်းဖြင့် အနည်းဆုံးပြောင်းလဲမှု ဖြစ်ပေါ်ခဲ့သည်။

တစ်နိုင်ငံလုံးအတွက် စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းကို ပြောင်းလဲတွက်ချက်တင်ပြနိုင်ရန် ၂၀၁၂ ခုနှစ် နိုဝင်ဘာတွင် ဗဟိုစာရင်းအင်းအဖွဲ့သည် အိမ်ထောင်စုဝင်ငွေနှင့် စားသုံးမှုစစ်တမ်းကို မြို့နယ်ပေါင်း ၈၂ မြို့နယ်တွင် နမူနာအိမ်ထောင်စုပေါင်း ၃၂၆၆၉ ကို စစ်တမ်းကောက်ယူခဲ့ကြောင်း သိရသည်။ ၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စစ်တမ်းကောက်ယူရာတွင် ကုန်ပစ္စည်း အမျိုးအစားများမှာ အများသုံးစွဲသည့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုအမျိုးအစားပေါင်း ၄၃၈ မျိုး ပါဝင်ကြောင်း သိရသည်။ စားသုံးသူ စျေးဆနှုန်း တွက်ချက်ရန်အတွက် အစားအစာအုပ်စုတွင် ကုန်ပစ္စည်း ၁၀၈ မျိုးနှင့် အစားအစာမဟုတ်သောအုပ်စုတွင် ကုန်ပစ္စည်းအမျိုးအစား ၁၆၆ မျိုးရွေးချယ်ခဲ့ပြီး စုစုပေါင်း ၂၇၄ မျိုးသို့ တိုးချဲ့ကောက်ယူတွက်ချက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့၏ ထုတ်ပြန်မှုအရ သိရသည်။

တစ်နိုင်ငံလုံးအတွက် ၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူစျေးဆနှုန်းအပေါ် အခြေခံတွက်ချက်ထားသော ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီအထိ တစ်နှစ်ပျမ်းမျှ ၉ ဒသမ ၂၀ ရာခိုင်နှုန်းရှိပြီး နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်း (Year on Year Inflation) မှာ ၈ ဒသမ ၃၆ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

 

Most Read

Most Recent