COVID-19 ဓာတ်ခွဲအတည်ပြုလူနာ Case 21 နှင့်အတူ အမေရိကန်နိုင်ငံမှ ပြန်လာသည့် အမျိုးသမီးတစ်ဦးတွင် COVID-19 ရောဂါပိုး ထပ်မံတွေ့ရှိခဲ့ပြီး ရောဂါပိုးတွေ့သူ ၂၂ ဦးအထိရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာ၏ ဧပြီ ၆ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။
ထုတ်ပြန်ချက်တွင် ဓာတ်ခွဲအတည်ပြုလူနာ (Case-022) သည် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်သည့် အသက် (၅၁) နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသမီးတစ်ဦးဖြစ်ပြီး ဓာတ်ခွဲ အတည်ပြုလူနာ (Case-021)နှင့် အတူ (၂၄-၃-၂၀၂၀) ရက်နေ့တွင် အမေရိကန်နိုင်ငံမှ ကိုရီးယား သမ္မတနိုင်ငံသို့ လေကြောင်းလိုင်းဖြင့် ထွက်ခွာခဲ့ကာ ကိုရီးယားသမ္မတနိုင်ငံမှတစ်ဆင့် ထိုင်းနိုင်ငံသို့ (၂၅-၃-၂၀၂၀) ရက်နေ့၊ ညနေပိုင်းတွင် ရောက်ရှိခဲ့ကြောင်း သိရသည်။

ထို့နောက် ထိုင်းနိုင်ငံမှ တစ်ဆင့် (၂၆-၃-၂၀၂၀) ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့ပြီး ဗိုလ် တစ်ထောင်မြို့နယ်ရှိ ဟိုတယ်တစ်ခုတွင် အသွားအလာ ကန့်သတ်ခြင်း ဆောင်ရွက်ထားရှိစဉ် ဓာတ်ခွဲအတည်ပြုလူနာ (Case-021)နှင့် အတူ တစ်ခန်းထဲတွင် နေထိုင်ခဲ့သူဖြစ်ပါသည်။
အဆိုပါ အမျိုးသမီးအား ဝေဘာဂီအထူးကုဆေးရုံသို့ လွှဲပြောင်း၍ ဓာတ်ခွဲနမူနာရယူစစ်ဆေးခဲ့ခြင်း ဖြစ်ပါသည်။ လူနာ၏ လတ်တလောကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။















