ရန်ကုန်တိုင်းအတွင်း ခရိုင်သုံးခုခွဲကာ အခြေခံစားသောက်ကုန်ပစ္စည်းများအား အိမ်အရောက် ပို့ဆောင်ရောင်းချပေးသည့် ဝန်ဆောင်မှုကို အစိုးရအဖွဲ့နှင့် We love Yangon အဖွဲ့ပူးပေါင်းကာ လုပ်ဆောင်လျက်ရှိကြောင်း ဧပြီ ၆ ရက်နေ့တွင် သိရှိရသည်။

COVID-19 ကာလတွင် အခြေခံစားသောက်ကုန်ပစ္စည်းများ စျေးမတတ်ဘဲ ရောင်းချပေးနိုင်ရန်နှင့် အိမ်အပြင်မထွက်စေရန်ရည်ရွယ်ပြီး We love Yangon အဖွဲ့မှ ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ် ပဒေသာအားကစားခန်းမတွင် မတ်၂၅ရက်နေ့မှစတင်ကာ အခြေခံစားသောက်ကုန်ပစ္စည်းများ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ခရိုင်လေးခုခွဲကာ လုပ်ဆောင်ရန် ပြောကြားချက်အရ တောင်ဥက္ကလာပမြို့နယ်ကို အရှေ့ပိုင်းဇုံအတွင်းထည့်ကာ အလုံအထက (၄) နှင့် မင်းဓမ္မလမ်းရှိ MCC စသည့်နေရာသုံးခုတွင် အခြေခံစားသောက်ကုန်ပစ္စည်းများကို အိမ်အရောက်ပို့စနစ်ဖြင့် ဖြန့်ဖြူးရောင်းချပေးရန် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် အလုံအထက (၄) နှင့် မင်းဓမ္မလမ်းရှိ MCC စသည့်နေရာနှစ်ခုတွင် စားသောက်ကုန်ဖြန့်ဖြူးရေးလုပ်ငန်းများ အသက်မဝင်သေးဘဲ တစ်ပါတ်အတွင်း စတင်ဖြန့်ဖြူး ရောင်းချပေးသွားမည်ဖြစ်ကြောင််း၊ အခြေခံစားသောက်ကုန်များတွင် အဓိကစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ အပါအဝင် အခြားသော စားသောက်ကုန်ပစ္စည်းများဖြင့် package သုံးခုခွဲကာ package တစ်ခုချင်းစီအလိုက် သက်ဆိုင်ရာစျေးနှုန်းများဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ COVID-19 ရောဂါဒီကိုရောက်လာပြီဆိုတဲ့အချိန်မှာ လူတွေက စျေးထဲတွေမှာ ဝရုန်းသုန်းကားတွေနဲ့ ဝယ်ကုန်ကြတယ်။ ပိ်ုက်ဆံရှိတဲ့သူက ဝယ်နိုင်ပေမယ့် တစ်ချို့အခြေခံလူတန်းစားတွေက အဲ့လိုဝယ်ဖို့ အဆင်မပြေလောက်ဘူး။ မလိုလားအပ်တဲ့ပြဿနာတွေ အများကြီးဖြစ်လာနိုင်တဲ့အတွက် အခြေခံစားသောက်ကုန်တွေကို ကုမ္ပဏီဆိုလည်း ကုမ္ပဏီကစျေး ဆန်ဆိုလည်း ဆန်ကုန်သည်ကြီးများအသင်းကနေ လာချတဲ့စျေးကိုမှ ပိုင်းချလိုက်ပြီး package သုံးမျိုးလုပ်လိုက်တယ်။ ဆန်ပါမယ် ဆီပါမယ် ငါးသေတ္တာပါမယ် အားလုံးပေါင်းလိုက်ပြီးတော့ စစချင်း တစ်သောင်းခွဲတန် package ဆိုပြီးလုပ်လိုက်တယ်။ ပစ္စည်း ၈ မျိုးလောက် ပါတယ်။ နောက်ပိုင်းကျတော့ ပြန်မျှပေးပါလို့ဆိုတဲ့အတွက် ပစ္စည်းရှစ်မျိုးပါတဲ့ တစ်သောင်းခြောက်ထောင်တန် package တစ်ခုလုပ်လိုက်တယ်။ တစ်သောင်းနှစ်ထောင်တန် package B တစ်မျိုးလုပ်တယ်။ နောက်ဆန်ရယ် ဆီရယ် အဓိက ပစ္စည်းလေးမျိုးပါတဲ့ package C ပေါ့။အဓိကရည်ရွယ်ချက်ကတော့ အခြေခံစားသောက်ကုန်တွေကို စျေးမတတ်ဘဲ ရောင်းပေးမယ်။ ဒုတိယတစ်ပိုင်းကကျတော့ လူတွေအပြင်ထွက်မလာနဲ့ အိမ်မှာဘဲနားနားနေနေ နေခိုင်းပြီးတော့ ကျွန်တော်တို့က သူတို့အိမ်အရောက် သွားပို့ပေးတယ်။ ပထမကတော့ တောင်ဥက္ကလာမှာဘဲ အခြေချဖို့လုပ်တာ။ ဝန်ကြီးချုပ်က ကျွန်တော်တို့ကို ခရိုင်လေးခုခွဲပေးဖို့ ပြောတယ်။ ရန်ကုန် အရှေ့ပိုင်း တောင်ပိုင်း မြောက်ပိုင်း အနောက်ပိုင်းပေါ့။ လက်ရှိက လေးခုတော့ခွဲလို့မရသေးပါဘူး။ တောင်ဥက္ကလာကို အရှေ့ပိုင်းဇုံထဲထည့်တယ်။ အလုံအထက (၄) မှာ တစ်ခု၊ မင်းဓမ္မလမ်းမှာရှိတဲ့ MCC တစ်ခု အားလုံးပေါင်းလက်ရှိ သုံးခုနဲ့ ဖြန့်မှာပေါ့။ ပစ္စည်းတွေတော့ ကျွန်တော်တို့စုထားပြီးပြီ။ ဟိုနှစ်ခုကတော့ အသက်မဝင်သေးပါဘူး။ ဒီတစ်ပါတ်အတောအတွင်းမှာစပြီးတော့ ဖြန့်မှာပါ။ အဓိကက လူတွေသိအောင် ကျွန်တော်တို့ Facebook page တွေကနေ ဖြန့်တာရှိပါတယ်။ ပထမရက်တွေကတော့ နည်းတယ်။ နောက်ပိုင်းတော့ တစ်နေ့ကို package နှစ်ထောင်နဲ့ သုံးထောင်ကြား ထွက်ပါတယ်” ဟု We love Yangon အဖွဲ့မှ EC member တစ်ဦးဖြစ်သူ ကိုစန်းမောင်မောင်က ပြောကြားသည်။

စားသောက်ကုန်ပစ္စည်းများ ရောင်းချရာတွင် We love Yangon အဖွဲ့ ဖုန်းလက်ခံဌာနသို့ ဆက်သွယ်လာသည့် အော်ဒါများကို စာရင်းပြုစုကာ သက်ဆိုင်ရာမြို့နယ်များအလိုက် လာရောက်ကူညီကြသည့် ပရဟိတအဖွဲ့များ၏ ကားများဖြင့် နောက်နေ့ နေ့လည်တွင် အိမ်အရောက်သွားရောက်ပို့ဆောင်ကာ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ တစ်နေ့လျှင် package နှစ်ထောင်နှင့် သုံးထောင်ကြား ရောင်းချနေရကြောင်း သိရသည်။















