COVID-19 ရောဂါပိုး တွေ့ရှိထားသည့် လူနာအမှတ် (၇) မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရုံးဝန်ထမ်း ဆွစ်ဇာလန်နိုင်ငံသူထံတွင် စစ်ဆေးချက်များအရ ရောဂါပိုး မတွေ့ရှိတော့့ကြောင်း သိရသည်။
အဆိုပါ ဆွစ်ဇာလန်နိုင်ငံသူအား လက်ရှိ စစ်ဆေး စမ်းသပ်ထားချက်အရ Negative (ရောဂါပိုး မတွေ့ရှိ) သော်လည်း ကျန်းမာရေးဝန်ကြီးဌာန၏ လိုအပ်ချက်အရ ထပ်မံစောင့်ကြည့်နေပြီး နောက်ထပ် တစ်ကြိမ် စစ်ဆေး စမ်းသပ်ရမည်ဖြစ်ကြောင်း နေပြည်တော် ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးက ပြောကြားသည်။
၎င်းက “ ဒီရက်ပိုင်း စမ်းသပ်ချက်အရ သူက Negative ဖြစ်သွားပြီ။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ လိုအပ်ချက်အရ သူ့ကို ထပ်စောင့်ကြည့်နေတာပေါ့။ နောက်ထပ်ပြန်ပြီး စမ်းဦးမှာပေါ့။ နောက်ထပ် ပြန်ပြီးစမ်းလို့ နောက်ဆုံး Negative ဖြစ်သွားပြီးဆိုရင် နိုင်ငံခြားက ပြန်လာတဲ့သူတောင်မှပဲ Positive မရှိတော့ဘူးလို့ ပြောလို့ရတယ်။ ဒါက လက်ရှိကြုံနေရတဲ့ အခြေ အနေပေါ့” ဟု ပြောကြားသည်။
အဆိုပါ ဆွစ်ဇာလန်နိုင်ငံသူ အသက် (၅၈)နှစ်သည် COVID-19 Positive လူနာ တစ်ဦးဖြစ်သူ ၎င်း၏ဖခင်နှင့် ဆွစ်ဇာလန်နိုင်ငံတွင် အချိန်နှစ်နာရီကြာ တွေ့ဆုံခဲ့ပြီး ဘန်ကောက်မှ နေပြည်တော်သို့ ပြန်လည် ရောက်ရှိလာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဆွစ်ဇာလန်နိုင်ငံသူသည် နေပြည်တော် M Gallery ဟိုတယ်တွင် တည်ခိုးခဲ့ပြီး ဖျားခြင်း၊ ချောင်းဆိုခြင်း လက္ခဏာများ ခံစားနေရပြီးနောက် မတ် ၂၆ ရက်တွင် နေပြည်တော် ကုတင် (၁၀၀၀) ဆေးရုံကြီး၌ ဆေးကုသမှုခံခဲ့ရခြင်း ဖြစ်သည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ မတ် ၂၈ ရက် ထုတ်ပြန်ထားချက်အရ အဆိုပါ ဆွစ်ဇာလန်နိုင်ငံသူမှာ ရောဂါပိုး တွေ့ရှိရသူ အမှတ် (၇) ဖြစ်ကြောင်း သိရသည်။















