လှည်းကူးဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး) တွင် COVID-19 အတည်ပြုလူနာများ ထားမည့်ဆေးရုံ (ယာယီ) အတွက် ဆေးဘက်ဆိုင်ရာဝန်ထမ်း ၂၀၀ ကျော်လိုအပ်သဖြင့် တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်ရန် ရန်ကုန်တိုင်းအစိုးရအဖွဲ့က တိုင်းစစ်ဌာနချုပ်သို့ စာပေးပို့

လှည်းကူးဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး) တွင် COVID-19 အတည်ပြုလူနာများ ထားမည့်ဆေးရုံ (ယာယီ) အတွက် ဆေးဘက်ဆိုင်ရာဝန်ထမ်း ၂၀၀ ကျော်လိုအပ်သဖြင့် တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်ရန် ရန်ကုန်တိုင်းအစိုးရအဖွဲ့က တိုင်းစစ်ဌာနချုပ်သို့ စာပေးပို့
COVID-19 ဆေးရုံ(ယာယီ) ပြုလုပ်မည့် ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ရှိ တိုက်များအား တွေ့ရစဉ်
COVID-19 ဆေးရုံ(ယာယီ) ပြုလုပ်မည့် ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ရှိ တိုက်များအား တွေ့ရစဉ်
Published 6 April 2020
ဆန်းထူးအောင်

လှည်းကူးဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး) တွင် COVID-19 အတည်ပြုလူနာများ ထားမည့်ဆေးရုံ (ယာယီ) အတွက် ဆေးဘက်ဆိုင်ရာဝန်ထမ်း ၂၀၀ ကျော် လိုအပ်သဖြင့် တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် ရန်ကုန်တိုင်းအစိုးရအဖွဲ့က တိုင်းစစ်ဌာနချုပ်သို့ စာပေးပို့ထားကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီက ဧပြီ ၃ရက် ရက်စွဲဖြင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်သို့ ပေးပို့သည်စာတွင် ကမ္ဘာ့ကပ်ရောဂါအသွင် ဖြစ်ပေါ်လျက်ရှိသည့် COVID-19 ရောဂါသည် မြန်မာနိုင်ငံတွင်လည်း လျင်မြန်စွာ ကူးစက်ပြန့်ပွားလျက် ရှိသည့်အတွက် တိုးတက်များပြားလာသည့်လူနာများအား ထိရောက်စွာ ထိန်းချုပ်ကုသနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် လှည်းကူးမြို့နယ်၊ ဖောင်ကြီးမြို့ရှိ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) တွင် COVID-19 ဆေးရုံ(ယာယီ)အား အမြန်ဖွင့်လှစ်ကာ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် COVID-19 ဆေးရုံ ယာယီတွင် COVID-19 ရောဂါအတည်ပြု လူနာများအား ထားရှိကုသ သွားမည်ဖြစ်ပြီး ကနဦးအနေဖြင့် လူနာ ၂၀၀ ဦးအထိ ဆေးရုံတင်ထိန်းချုပ်ကုသမှု ပြုလုပ်နိုင်ရန် ရည်ရွယ်ထားရှိပြီး အဆိုပါလူနာ ၂၀၀ ဦးအတွက် ဆေးဘက်ဆိုင်ရာဝန်ထမ်း ၂၀၅ ဦးခန့်လိုအပ်မည်ဟု ခန့်မှန်းရကြောင်း၊ သို့ဖြစ်ပါ၍ တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့ အနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန်နှင့် ပါဝင်ဆောင်ရွက်မည့် ဆေးတပ်ဖွဲ့ဝင် အမျိုးအစားနှင့် အရေအတွက်အား ပေးပို့နိုင်ရန် ညှိနှိုင်းအပ်ကြောင်း စာတွင်ဖော်ပြထားသည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦး ဖြိုးမင်းသိန်းက ဧပြီ ၅ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး၊ လှည်းကူးမြို့နယ်ရှိ ဖောင်ကြီးဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) သို့ သွားရောက်ကာ COVID-19 လူနာများ ကုသစောင့်ရှောက်ရန် Medical Centre ကြိုတင်မွမ်းမံပြင်ဆင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် ဝန်ကြီးချုပ်အား သက်ဆိုင်ရာဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကုမ္ပဏီများနှင့် ဆောက်လုပ်ရေး လုပ်ငန်းရှင်များက Medical Centre ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြပြီး ဝန်ကြီးချုပ်က လုပ်ငန်းလိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

COVID-19 နှင့်ပတ်သက်၍ လှည်းကူးမြို့နယ်ရှိ ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး) ကို ကုတင် ၁၀၀၀ ဆံ့ ဆေးရုံအဖြစ် ပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြောကြားထားသည်။

လက်ရှိ ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး) ကို ပြုပြင်ထိန်းသိမ်းလျက်ရှိပြီး လာမည့် ရက်ပိုင်းအတွင်း အကောင်အထည် ဖော်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးဒေါ်မိုးမိုးစုကြည်က ပြောကြားထားသည်။

ရန်ကုန်တိုင်းအတွင်း COVID-19 နှင့်ပတ်သက်၍ ှQuarantine ၃၀၀၀ ဦးနီးပါးကို ပြုလုပ်ထားပြီး လူဦးရေ နှစ်သောင်းနီးပါး ဝင်ဆံ့နိုင်မည့် Community base Facility Quarantine ကိုစီစဉ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ညွှန်ကြားရေးမှူး ဦးမိုးဟိန်းက ဧပြီ ၅ ရက်တွင် ပြောကြားထားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID-19 နှင့်ပတ်သက်၍ ဧပြီ ၄ ရက်အထိ Hospital Quarantine ပြုလုပ်ထားသူ ၃၁ ဦး၊ Hotel Quarantine ပြုလုပ်ထားသူ ၈၄၂ ဦး၊ Facility Quarantine ပြုလုပ်ထားသူ ၂၀၈၈ ဦးရှိသည်။

 

Most Read

Most Recent