မြဝတီနယ်စပ်ရှိ တစ်နိုင်တစ်ပိုင် အထည်ချုပ်စက်ရုံ (အိမ်ရုံ) ၃၀၀ ခန့်မှာ COVID-19 ဂယက်ကြောင့် လုပ်ငန်းရပ်ဆိုင်းရဖွယ် ရှိနေကြောင်း သိရသည်။
COVID-19 ဂယက်ကြောင့် မြန်မာ-ထိုင်း နှစ်နိုင်ငံ ကူးလူးသွားလာမှု ရပ်ဆိုင်းခဲ့ကာ လုပ်ငန်းလည်ပတ်မှု မရှိတော့သည့်အတွက် မြဝတီမြို့ရှိ အထည်ချုပ်အလုပ်ရုံများ ရပ်ဆိုင်းရမည့် အခြေအနေ ရှိနေသည်ဟု အထည်ချုပ်လုပ်ငန်း လုပ်ကိုင်သူ ဒေါ်ရင်ထွေးက ပြောကြားသည်။
“လောလောဆယ် အိမ်ရုံလေးတွေရော အတော်အသင့် စက်ရုံတွေရောဆိုရင် မြဝတီမြို့မှာ အလုပ်ရုံ ၃၀၀ ခန့်ရှိပါတယ်။ အလုပ်သမားပေါင်း တစ်သောင်းကျော်လောက်ရှိမယ်။ အိမ်ရုံတွေဆိုရင် တစ်ရုံအလုပ်သမား ၂၀ ကနေ ၅၀ ယောက်အထိရှိတယ်။ ရေရှည်ကတော့ ထိုင်းဘက်ကို ကူးလူးတဲ့ တံတားတွေပိတ်မယ်၊ ဂိတ်တွေပိတ်မယ်ဆိုရင် ကျွန်မတို့လုပ်ငန်းတွေ ရပ်တန့်သွားရင် အဆင်မပြေတော့ဘူး။ ကျွန်မတို့ အဆင်မပြေဘူးဆိုရင် ဒီလုပ်ငန်းကို မှီခိုနေတဲ့ အလုပ်သမားတွေလည်း စားဝတ်နေရေး အခက်အခဲရှိတယ်။ ဒီလိုပဲ ထိုင်းဘက်က အော်ဒါမတင်ဘူး။ ကုန်ပစ္စည်းပို့မရဘူးဆိုရင် အထည်ချုပ်ရုံတွေက ရပ်ဆိုင်းသွားရမယ့် သဘောရှိပါတယ်” ဟု ဒေါ်ရင်ထွေးက ပြောကြားသည်။
တစ်နိုင်တစ်ပိုင် အိမ်တွင်းမှု စက်ရုံအလုပ်ရုံများ ရပ်ဆိုင်းသွားလျှင် အဆိုပါလုပ်ငန်းတွင် မှီခိုလုပ်ကိုင် စားသောက်နေသော အလုပ်သမား တစ်သောင်းကျော်မှာလည်း စားဝတ်နေရေး အခက်အခဲနှင့် ရင်ဆိုင်ရမည် ဖြစ်ကြောင်း ဒေါ်ရင်ထွေးက ပြောကြားသည်။
ဒေါ်ရင်ထွေးက “အလုပ်သမားတွေက ဒီအလုပ်ကိုပဲ မှီပြီးရပ်တည်ကြတာလေ။ ဒီဟာရပ်တန့်ပြီဆိုရင် အလုပ်သမားတွေ ငတ်ဖို့ပဲရှိတယ်။ ပန်းရံသမားဖြစ်ပါစေ အလုပ်မရှိရင် စားဝတ်နေရေး အခက်အခဲ ဖြစ်မှာပဲ။ စက်ချုပ်သမားလည်း အထည်ချုပ်မရှိရင် နေ့စဉ်ဝင်ငွေ မရှိတဲ့အတွက် မိသားစု စားဝတ်နေရေး အခက်အခဲ ဖြစ်ကြမှာပါပဲ” ဟုဆိုသည်။
အဆိုပါ အိမ်တွင်းမှုလုပ်ငန်း တစ်ခုဖြစ်သော အထည်ချုပ် အလုပ်ရုံများသည် ယခင်က မဲဆောက်ဘက်၌ ဖွင့်လှစ်ခဲ့သော အလုပ်ရုံများဖြစ်ပြီး ထိုင်းလဝက ဥပဒေအရ နေထိုင်ရေး အခက်အခဲဖြစ်လာ၍ မြန်မာနိုင်ငံ မြဝတီဘက်သို ့ကူးပြောင်းဖွင့်လှစ် ခဲ့ခြင်းဖြစ်သည်။
“အရင်က အဆင်ပြေတယ်။ တံတားကြီးလည်းပိတ်တယ်။ သွားလာမရဘူး။ ဒီအလုပ်က ဟိုဘက်ထိုင်းနဲ့ ဆက်သွယ်ပြီးတော့မှ လုပ်ရတာလေ။ အခုသွားလာလို့မရ၊ ပစ္စည်းပို့လည်း မရဆိုတော့ အဆင်မပြေဘူးလေ။ အခုကတော့ Mask လေးတွေပဲ ချုပ်နေရတော့တယ်။ ရေရှည်ဆိုရင် အထည်ချုပ်ငန်း လုပ်သူတွေ အသက်ဆက်ဖို့ မလွယ်တော့ပါဘူး” ဟု အထည်ချုပ်လုပ်သား တစ်ဦးက ဆိုသည်။
မြဝတီဘက်၌ ဖွင့်လှစ်ကြသော်လည်း ထိုင်းနိုင်ငံဘက်မှ အော်ဒါပေးသည့်အတိုင်း ချုပ်ပေးရကြောင်း သိရသည်။ အချို့လည်း ညှပ်ပြီးသား အထည်များကိုချုပ်ရပြီး ထိုင်းဘက်သို့ ပြန်ပို့ရကြောင်း သိရသည်။
ယခုကဲ့သို့ အထည်စများ၊ ချုပ်ပြီးအထည်များကို အပို့၊ အယူ သယ်ယူပို့ဆောင်ရေး အခက်အခဲဖြစ်ခြင်း၊ ချုပ်ထည်အော်ဒါ မရရှိခြင်းတို့ကြောင့် မြဝတီမြို့မှ တစ်နိုင်တစ်ပိုင် အထည်ချုပ်စက်ရုံများ ပိတ်သိမ်းရတော့မည့် အခြေအနေ ရှိနေခြင်း ဖြစ်သည်။















