ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ တစ်သန်း၊ တစ်သိန်းကျော်အထိ မြင့်တက်လာခဲ့ပြီး သေဆုံးသူ ၆၀,၀၀၀ ကျော်လာခဲ့သည်။ ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ကျော်သည် ကန့်သတ်ထိန်းချုပ်မှုများအောက်တွင် နေထိုင်နေကြသော်လည်း ဗိုင်းရပ်စ်ကူးစက်မှုသည် လျင်မြန်နေဆဲဖြစ်သည်။ ဗိုင်းရပ်စ်ကပ်ဘေးကြောင့် စီးပွားရေးဆုံးရှုံးမှုသည်လည်း ပို၍ ထင်ရှားလာနေပြီး အမေရိကန်တွင် အလုပ်လက်မဲ့ခံစားခွင့် လျှောက်ထားသူဦးရေသည် ပြီးခဲ့သည့် သီတင်းပတ်က ၆ ဒသမ ၆၅ သန်း ပိုများလာခဲ့ကြောင်း စာရင်းများက ဖော်ပြခဲ့သည်။ မတ်လ၏ နောက်ဆုံးသီတင်းပတ်နှစ်ပတ်တွင် အမေရိကန်၌ အလုပ်အကိုင်ဆုံးရှုံးခဲ့သူ ၁၀ သန်းအထိ ရှိခဲ့ပြီးဖြစ်သည်။
ဗိုင်းရပ်စ်ကို ကန့်သတ်ရန်အတွက် ကမ္ဘာတစ်လွှား၌ ချထားသည့် ကန့်သတ်မှုများသည် မကြာသေးမီကာလသမိုင်းတွင် အပြင်းထန်ဆုံး စီးပွားရေးပျက်ကပ်ကြီး ဖြစ်လာစေနိုင်သည်ဟု စီးပွားရေးပညာရှင်များက ပြောကြားခဲ့သည်။ “ ဂျီ ၂၀ စီးပွားရေး နိုင်ငံတွေဟာ ဒီနှစ်ဝက်အတွင်းမှာ ကြိုတင်မခန့်မှန်းနိုင်တဲ့ တုန်ခါမှု (Shock) ကြီးတစ်ရပ်ကို ကြုံတွေ့ရမှာဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်အတွင်း ကမ္ဘာတစ်ခုလုံး ခံစားရမှာ ဖြစ်ပါတယ်” ဟု Rating Agency ဖြစ်သည့် Moody’s က ပြောကြားခဲ့သည်။
အလုပ်လက်မဲ့ဖြစ်မှုနှုန်းသည် အမေရိကန်ပြည်ထောင်စုတွင် ရာခိုင်နှုန်း ၃၀ အထိ မြင့်တက်လာဖွယ်ရှိသည်ဟု စိန့်လူဝီဗဟိုဘဏ်ဥက္ကဌ ဂျိမ်းဘူးလက်က ပြောကြားခဲ့သည်။ ဥရောပသည်လည်း အလားတူခံစားရလိမ့်မည်ဟု ဆိုသည်။ “ ယူရိုဇုန်မှာ အလုပ်လက်မဲ့နှုန်းဟာ ဇွန်လအကုန်မှာ ၁၂ ရာခိုင်နှုန်းလောက် မြင့်တက်လာပါလိမ့်မယ်။ လပိုင်းအတွင်း ခုနစ်နှစ်စာ အကျိုးအမြတ်ကို စွန့်လွှတ်လိုက်ရပါလိမ့်မယ်” ဟု လန်ဒန်မြို့အခြေစိုက် Capital Economics အဖွဲ့မှ ဒေးဗစ်အောက်စလေက ပြောကြားခဲ့သည်။
ထို့ကြောင့် ကမ္ဘာကြီးသည် ရောဂါကပ်ဘေးကြီးကို ကျော်လွှားနိုင်ခဲ့ပြီးလျှင်ပင် ပြင်းထန်သည့် စီးပွားရေးပျက်ကပ်ကြီးကို ခံရမည်မှာ သေချာ၍ နေလေပြီ။ အဆိုးရွားဆုံးမှာ လူအများ အလုပ်အကိုင် မရှိတော့ဘဲ အလုပ်အကိုင်များ အသည်းအသန် ရှာဖွေနေရတော့မည့် အလုပ်လက်မဲ့ပြဿနာ ဖြစ်သည်။ အလုပ်လက်မဲ့နှုန်းက သမိုင်းတစ်လျှောက် မကြုံဖူးသည့်နှုန်းအထိ မြင့်တက်လာပေလိမ့်မည်။ အလုပ်လက်မဲ့နှုန်းဟူသည် အလုပ်လက်မဲ့များ ပျံ့နှံ့နေပုံကို တိုင်းတာချက်တစ်ရပ်ဖြစ်ပြီး အလုပ်လက်မဲ့အရေအတွက်ကို လက်ရှိအလုပ်အကိုင်ရှိသောသူ အရေအတွက်ဖြင့်စားကာ ရာခိုင်နှုန်းရှာထားခြင်း ဖြစ်သည်။ စီးပွားရေးပျက်ကပ်ကာလများအတွင်း စီးပွားရေးအဆောက်အအုံ တစ်ခုအနေဖြင့် အလုပ်လက်မဲ့နှုန်း မြင့်မားခြင်းနှင့် ရင်ဆိုင်ရသည်မှာ ဓမ္မတာပင်။ အလုပ်လက်မဲ့ ပြဿနာနှင့်ပတ်သက်၍ အကျိုးဆက်များနှင့် ဖြေရှင်းရန်နည်းလမ်းများသည် သဘောတရားရေးရာအရ အငြင်းပွားလျက်ရှိဆဲဖြစ်သည်။
Keynesian စီးပွားရေးပညာက အလုပ်လက်မဲ့ပြဿနာ၏ သံသရာလည်တတ်သော သဘောသဘာဝကို အထူးပြုဖော်ပြခဲ့ပြီး စီးပွားရေးပျက်ကပ်များအတွင်း အလုပ်လက်မဲ့လျော့ပါးရေးကိုသေချာစေမည့် အစိုးရ၏ ဝင်ရောက်ဆောင်ရွက်မှုများကို အကြံပြုထားသည်။ Keynesian စီးပွားရေးပညာက အလုပ်သမားလိုအပ်ချက် မြင့်မားစေရန် ရည်ရွယ်ရေးဆွဲထားသည့် အစိုးရ၏ပါဝင်ဆောင်ရွက်မှုများကို အကြံပြုထားသည်။ ယင်းတွင် ငွေကြေးလည်ပတ်စီးဆင်းမှုထဲသို့ အရင်းအနှီးများ ထည့်သွင်းခြင်း၊ အများပြည်သူဆိုင်ရာ ရန်ပုံငွေဖြင့် အလုပ်အကိုင်များ ဖန်တီးခြင်းနှင့် ငွေကြေးဆိုင်ရာမူဝါဒများ ချမှတ်ခြင်း အစရှိသည်တို့ ပါဝင်သည်။ Keynes က အလုပ်လက်မဲ့ပြဿနာ၏ အရင်းအမြစ်သည် ထုတ်ကုန်များ ပိုမိုထုတ်လုပ်ရေးထက် ငွေကြေးအမြတ်အစွန်း ပိုမိုရရှိရေးကိုသာ အလိုရှိသည့် ရင်းနှီးမြှုပ်နှံသူများ၏ စိတ်ဆန္ဒဖြစ်သည်ဟု ယုံကြည်သည်။
မည်သို့ပင်ဆိုစေကာမူ နိုင်ငံအတွင်း၌ ရောဂါကပ်ဘေးကြီးမှ လွန်မြောက်ချိန်တွင် တစ်ဟုန်ထိုး မြင့်တက်လာမည့် အလုပ်လက်မဲ့နှုန်းကို လျှော့ချနိုင်ရေးအတွက် အစိုးရအနေဖြင့် အစီအစဉ်များ စနစ်တကျ ရေးဆွဲထားရမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံသူများပါ ပူးပေါင်းပါဝင်လျက် ၀ိုင်းဝန်းဖြေရှင်းရမည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
■ (ဧပြီ ၅ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)








