ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ တစ်သန်းကျော်အထိ မြင့်တက် ခဲ့ပြီး သေဆုံးသူ ၅၀,၀၀၀ ကျော်လာခဲ့သည်။ ကမ္ဘာ့လူဦးရေ၏ထက်ဝက်ကျော်သည် ကန့်သတ်ချုပ်ချယ်မှုအောက်တွင် နေထိုင်နေကြသော်လည်း ဗိုင်းရပ်စ်ကူးစက်မှုသည် လျင်မြန်နေဆဲဖြစ်ပြီး အမေရိကန်၊ ဗြိတိန်၊ စပိန်တို့တွင် အသေအများဆုံး နေ့ရက်များကို ကြုံတွေ့ခဲ့ကြရသည်။ ဗိုင်းရပ်စ်ကပ်ဘေးကြောင့် စီးပွားရေးဆုံးရှုံးမှုသည်လည်း ပို၍ ထင် ရှားလာနေပြီး အမေရိကန်တွင် အလုပ်လက်မဲ့ခံစားခွင့် လျှောက်ထားသူဦးရေသည် ပြီးခဲ့ သည့် သီတင်းပတ်က ၆.၆၅ သန်း ပိုများလာခဲ့ ကြောင်း စာရင်းများက ဖော်ပြခဲ့သည်။ မတ်လ၏ နောက်ဆုံးသီတင်းပတ် နှစ်ပတ်တွင် အမေရိကန်၌ အလုပ်အကိုင် ဆုံးရှုံးခဲ့သူ ၁၀ သန်းအထိ ရှိခဲ့ပြီဖြစ်သည်။ ဗိုင်းရပ်စ်ပြဿနာကို ဖြေရှင်းရန်အတွက် ဘဏ္ဍာရေးအကူအညီများကို ကမ္ဘာ့ခေါင်းဆောင်များက ကြေညာထားသည်။
အမေရိကန်၊ ဥရောပနှင့်အခြားအင်အားကြီး စီးပွားရေးများကို ထိခိုက်စေခဲ့သော ကိုရိုနာဗိုင်းရပ်စ်သည် ကမ္ဘာ့စီးပွားရေးကို ဒေါ်လာ ၄.၁ ထရီလျံအထိ ဆုံးရှုံးစေနိုင် ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်(ADB)က ဧပြီ ၃ ရက်တွင် ပြောကြားခဲ့သည်။အလားအလာ အမျိုးမျိုးကို အခြေခံ တွက်ချက်ထားသော ထိုခန့်မှန်းချက်အရ ကမ္ဘာ့စီးပွားရေး ဆုံးရှုံးမှုသည် ကမ္ဘာ့ကုန်ထုတ်လုပ်မှု၏ ငါးရာခိုင်နှုန်းနီးပါး ရှိမည်ဖြစ်သည်။ ရာစုနှစ်တစ်ခုအတွင်း အဆိုးဆုံးကပ်ဘေး ဖြစ်သည့် ဗိုင်းရပ်စ်ဘေး၏ဆုံးရှုံးမှုသည် ထိုထက်ပို၍ ကြီးမားနိုင် ကြောင်း အေဒီဘီက ပြောကြားခဲ့သည်။ စီးပွားရေးကို သက်ရောက်မှုအား ခန့်မှန်းထားမှုသည် လျှော့တွက်ထားမှု ဖြစ်နိုင်ကြောင်း ဖြစ်လာနိုင်ဖွယ်ရှိသော လူမှုရေး၊ ဘဏ္ဍာရေး အကျပ်အတည်းကဲ့သို့ ထပ်တိုးအခြေအနေများ၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးကို ရေရှည်သက်ရောက်မှုများအား ယခုလေ့လာမှုမှ ဖယ်ထုတ်ထားခဲ့ကြောင်း အေဒီဘီက ပြောကြားခဲ့သည်။
ဗိုင်းရပ်စ်ကို ထိန်းသိမ်းရန် ဆောင်ရွက်ရသည့် ကာလတိုတောင်းပါက စီးပွားရေး ဆုံးရှုံးမှု နှစ်ဘီလျံခန့် သက်သာနိုင်ကြောင်း မနီလာအခြေစိုက် အေဒီဘီက ပြောကြားခဲ့သည်။ ကမ္ဘာ့စီးပွားရေးကို ရေရှည်သက်ရောက်မှုနှင့်ပတ်သက်ပြီး ကုန်သည်များက စိုးရိမ်နေသောကြောင့် စတော့ဈေးကွက်များ ထိခိုက်ကျဆင်းခဲ့ပြီး အစိုးရများ၊ ဗဟိုဘဏ်များက ထိခိုက်မှု သက်သာရာရစေရန် စီးပွားရေးအကူအညီအစီအစဉ် ဒေါ်လာ ငါးထရီလျံ ကျော် ကတိပြုထားကြသည်။ ထို့ပြင် ငွေကြေးမူဝါဒများကိုလည်း တင်းကျပ်မှု လျှော့ပေး ထားကြသည်။ အာရှသည် ယခုနှစ်တွင် စီးပွားရေး ၂.၂ ရာခိုင်နှုန်းတိုးတက်မည်ဖြစ်ပြီး ၁.၇ ရာ ခိုင်နှုန်း တိုးတက်ခဲ့သော ၁၉၉၈ အာရှဘဏ္ဍာရေးအကျပ်အတည်းကာလ နောက် ပိုင်း အနှေးကွေးဆုံး စီးပွားရေးတိုးတက်မှု ဖြစ်မည်ဟု အေဒီဘီက ခန့်မှန်းခဲ့သည်။ အာရှ စီးပွားရေး ၅.၅ ရာခိုင်နှုန်း တိုးတက်မည်ဟု ယမန် နှစ်စက်တင်ဘာ၌ အေဒီဘီက ခန့်မှန်းခဲ့ သည်။ ကိုဗစ်-၁၉ ၏အလားအလာကို ခန့်မှန်းရန် မဖြစ်နိုင်သေးကြောင်း ဗိုင်းရပ်စ်ကို ထိန်းချုပ်ရန် ကြာချိန်သည် လက်ရှိခန့်မှန်းထားသည်ထက် ရှည်ကြာနိုင်ကြောင်း အေဒီ ဘီ၏ ဦးဆောင်စီးပွားရေးပညာရှင် ယာဆူယူကီဆာဝါဒါက ပြောကြားခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာ့စီးပွားရေး ဒေါ်လာ ၃၄၇ ဘီလျံ ဆုံးရှုံးနိုင်ကြောင်း မတ် ၆ ရက်တွင် အေဒီဘီက ခန့်မှန်းပြောကြားခဲ့သည်။ ရလဒ်များသည် ခန့်မှန်းထား သည်ထက် ဆိုးနိုင်ကြောင်း စီးပွားရေးတိုးတက်မှုသည် အလျင်အမြန် နာလန်ထူနိုင်ဖွယ် မရှိကြောင်း အေဒီဘီက ပြောကြားခဲ့သည်။ အာရှအကြီးဆုံး စီးပွားရေး ဖြစ်သော တရုတ် တွင် တိုးတက်မှုသည် ၂၀၁၉ ခုနှစ်က ၆.၁ ရာခိုင်နှုန်း ရှိခဲ့ရာမှ ယခုနှစ်တွင် ၂.၃ ရာခိုင်နှုန်း သို့ တိုးတက်မှုနှေးကွေးမည်ဟု အေဒီဘီက ခန့်မှန်းခဲ့သည်။ ၂၀၂၁ ခုနှစ်၌ တရုတ်စီးပွား ရေး ပြန်လည်ဦးမော့မည်ဟု လည်း အေဒီဘီက ဆိုသည်။ တရုတ်၌ ဂျီဒီပီ ၏ ၅ ရာခိုင်နှုန်း နီးပါး၊ ဒေါ်လာ ၆၂၈ ဘီလျံ ဆုံးရှုံးနိုင်ကြောင်း အေဒီဘီက ပြောကြားခဲ့သည်။ ဗိုင်းရပ်စ် ကြောင့် လူအများအပြား နေအိမ်တွင် နေနေကြသောကြောင့် ဝယ်လိုအား ရှော့ခ်ဖြစ်လာပြီး လုပ်ငန်းများတွင် လုပ်အားမလုံလောက်မှုကြောင့် ရောင်းလိုအား ရှော့ခ်လည်း ဖြစ်လာကြောင်း ကုန်ထုတ်လုပ် ဖြန့်ဖြူးမှု လုပ်ငန်းစဉ်လည်း ကမောက်ကမ ဖြစ်ခဲ့ကြောင်း အေဒီဘီက ပြောကြားခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားမည့် စီးပွားရေးဆုံးရှုံးမှုများ ကို တွက်ချက်ခန့်မှန်းလျက် နာလန်အမြန်ပြန်ထနိုင်ရေး အစီအစဉ်များကို ရေးဆွဲချမှတ်ထားရန် အရေးကြီးပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
■ (ဧပြီ ၄ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)








