ကိုရိုနာဗိုင်းရပ်စ်နှင့် ပွင့်လင်းမြင်သာမှု

ကိုရိုနာဗိုင်းရပ်စ်နှင့် ပွင့်လင်းမြင်သာမှု
Published 2 April 2020

မြန်မာနိုင်ငံတွင် COVID-19 စောင့်ကြည့်လူနာများ သေဆုံးမှုများရှိနေပြီး သေဆုံးမှုများနှင့်ပတ်သက်ပြီး စစ်ဆေးနေမှုများအပေါ် မေးခွန်းထုတ်ဝေဖန်မှုများ ရှိခဲ့သည်။ မွန်ပြည်နယ်မှ ခွဲစိတ်ဆရာဝန်တစ်ဦးက “Sensitive အဖြေက Negative ပေါ့။ ဒါပေမဲ့ လူနာက သေသွားတယ်။ အဲဒါမျိုး တွေ့နေရတော့ အဲဒီအဖြေက ဘယ်လောက်အထိ ယုံကြည်ရမလဲဆိုတာက မေးခွန်းထုတ်စရာ ရှိနေတယ်” ဟု ပြောကြားခဲ့သည်။ သေဆုံးသူများကို ဆေးရုံတင်ထားစဉ်က ကိုရိုနာဗိုင်းရပ်စ်လက္ခဏာများ စောင့်ကြည့်ရန် တင်ထားခြင်းဖြစ်ကြောင်း၊ အဖြေများမှာ Negative များသာ ထွက်လာသဖြင့် ဆရာဝန်များအနေဖြင့် ယုံကြည်ရမည့်အခြေအနေမှာ မေးခွန်းထုတ်ရမည့် အခြေအနေဖြစ်နေသည်ဟု ၎င်းက ဆက်လက်သုံးသပ်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည်ပင်လျှင် တရုတ်အစိုးရအနေဖြင့် ဖုံးကွယ်ထားမှုရှိကြောင်း ထောက်လှမ်းရေး အစီရင်ခံစာတစ်ရပ်ကို ကိုးကားလျက် အမေရိကန် ဥပဒေပြုအမတ်များက စွပ်စွဲခဲ့ပြီးနောက် တရုတ်နိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုနှင့် ပတ်သက်၍ တရုတ်က တရားဝင်ထုတ်ပြန်သည့် စာရင်းဇယားများ၏ တိကျမှုကို အယုံအကြည်မရှိဟု ပြောကြားခဲ့သည်။ “ ဒါတွေက တိကျရဲ့လားဆိုတာ ကျွန်တော်တို့ ဘယ်လိုလုပ်သိမှာလဲ။ သူတို့အရေအတွက်တွေက အကောင်းဘက်ကို နည်းနည်းယိမ်းနေပုံ ရပါတယ်” ဟု ထရန့်က သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ပြောကြားခဲ့သည်။

တရုတ်နှင့် ဆက်ဆံရေးက ကောင်းမွန်ပြီး သူသည် တရုတ်သမ္မတ ရှီကျင်ပင်းနှင့် နီးကပ်သည့် ဆက်ဆံရေးရှိဆဲဖြစ်ကြောင်း ထရန့်က အခိုင်အမာ ပြောကြားခဲ့သည်။ သို့သော် တရုတ်အစိုးရ၏ ပွင့်လင်းမြင်သာမှုနှင့် ပတ်သက်၍ အငြင်းပွားဖွယ်ဖြစ်နေခြင်းက ဆက်ဆံရေးကို တင်းမာစေကြောင်း ပြောကြားလျက် ထရန့်က ဗိုင်းရပ်စ်အတွက် အမေရိကန်စစ်တပ်ကို အပြစ်တင်သည့် တရုတ်နိုင်ငံတွင် ဖြစ်ပေါ်နေသော လုပ်ဇာတ်တစ်ရပ်ကြောင့် မသက်မသာ ခံစားရကြောင်းလည်း ပြောကြားခဲ့သည်။

ကွန်ဂရက်တွင် ရီပက်ဘလီကင်အမတ်များက အမေရိကန်ထောက်လှမ်းရေးကို ကိုးကားလျက် ဘလွန်းဘတ်က ဖော်ပြထားသည့် အစီရင်ခံစာတစ်ရပ်ကို ထောက်ပြပြီး ဝူဟန်မြို့တွင် ၂၀၁၉ ခုနှစ် အနှောင်းပိုင်းက စတင်သည့် ရောဂါကူးစက်မှုများ၊ သေဆုံးမှုများနှင့် ပတ်သက်၍ နိုင်ငံတကာအသိုင်းအဝိုင်းကို တရုတ်အစိုးရက လမ်းကြောင်းလွဲအောင် ပြုလုပ်ခဲ့သည်ဟု ဒေါသတကြီး ဝေဖန်ခဲ့သည်။ ထောက်လှမ်းရေးအရာရှိအချို့က တရုတ်အစိုးရ၏ ကိန်းဂဏန်းများသည် အတုများဖြစ်သည်ဟု ဖော်ပြခဲ့ခြင်းနှင့်အတူ တရုတ်၏ သတင်းအစီရင်ခံမှုများသည် ရည်ရွယ်ချက်ရှိရှိ မပြည့်မစုံဖြစ်နေခဲ့ကြောင်း ဘလွန်းဘတ်က ရေးသားခဲ့ပြီး လွန်ခဲ့သည့် သီတင်းပတ်က အိမ်ဖြူတော်သို့ ပေးပို့ခဲ့သော (သက်ဆိုင်ရာသာ ဖတ်ခွင့်ရှိသည့်) ထောက်လှမ်းရေး စာရွက်စာတမ်းများကို အထူးပြုဖော်ပြခဲ့သည်။

တရုတ်က ဧပြီ ၂ ရက်အထိ ရောဂါကူးစက်ခံရသည်ဟု အတည်ပြုပြီးသူ ၈၂,၃၉၄ ဦးနှင့် သေဆုံးသူ ၃,၃၁၆ ဦး ရှိကြောင်း လူသိရှင်ကြား ထုတ်ပြန်ခဲ့ကြောင်း Johns Hopkins တက္ကသိုလ်၏ စာရင်းဇယားအရ သိရသည်။ တရုတ်၏ ယင်းစာရင်းဇယားကို ကမ္ဘာပေါ်တွင် ရောဂါအကျယ်ပြန့်ဆုံး ကူးစက်ပျံ့နှံ့မှုအဖြစ် အစီရင်ခံခဲ့သည့် အမေရိကန်၏ ကူးစက်ခံရသည်ဟု အတည်ပြုပြီးသူ ၂၁၆,၇၂၂ ဦးနှင့် သေဆုံးသူ ၅,၁၃၇ ဦးရှိကြောင်း စာရင်းဇယားနှင့် နှိုင်းယှဉ်ကြည့်နိုင်သည်။

ဧပြီ ၂ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ယင်းအစီရင်ခံမှုနှင့်ပတ်သက်၍ မေးမြန်းသည့်အခါ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်ယင်က ယင်းအစီရင်ခံစာ သို့မဟုတ် ထရန့်၏ မှတ်ချက်များကို တိုက်ရိုက်မရည်ညွှန်းဘဲ “တခြားသူတွေကို အသရေဖျက်တာ၊ သိက္ခာချတာ၊ အပြစ်တင်တာ ဒါမှမဟုတ် တာဝန်ယူမှုကို လွှဲချနေတာဟာ ဆုံးရှုံးသွားတဲ့ အချိန်တွေကို ပြန်မရနိုင်ပါဘူး” ဟု ပြောကြားခဲ့သည်။ “ ဆက်ပြီး လိမ်ညာနေတာဟာ အချိန်တွေ ထပ်ဖြုန်းနေတာသာဖြစ်ပြီး အသက်တွေ ထပ်ဆုံးရှုံးမှုကို ဖြစ်စေပါလိမ့်မယ်” ဟု ၎င်းက ဆိုသည်။ သူက “ တရုတ်ကို အချက်အလက်တွေ ဖုံးကွယ်ထားတယ်လို့ စွပ်စွဲတဲ့ နိုင်ငံရေးသမားတွေဟာ ကျင့်ဝတ်မရှိသလို အရှက်လည်း မရှိပါဘူး” ဟုလည်း ပြောကြားခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်ရာတွင် ပကတိအနေအထားကို ပြည်သူအားလုံး သိရှိရအောင် ပွင့်လင်းမြင်သာမှုဖြင့် အချက်အလက်များကို အမှန်အတိုင်း ထုတ်ပြန်ပေးရန်မှာလည်း အရေးကြီးပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

■ (ဧပြီလ ၃ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent