နိုင်ငံတော်ဗဟိုဘဏ်အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းသို့ လျှော့ချသတ်မှတ်လိုက်ပြီး ဧပြီ ၁ ရက်မှစ၍ အပ်ငွေအနည်းဆုံး အတိုးနှုန်း ၆ ဒသမ ၅ ရာခိုင်နှုန်း၊ အာမခံ ပစ္စည်းပါ ချေးငွေ အများဆုံးအတိုးနှုန်း ၁၁ ဒသမ ၅ ရာခိုင်နှုန်း ကောက်ခံရမည်ဟု နိုင်ငံ တော်ဗဟိုဘဏ်က မတ် ၂၄ ရက်တွင် ညွှန်ကြားချက်အမှတ် ၄/၂၀၂၀ ဖြင့် ညွှန်ကြား ခဲ့သည်။
ယခင်က နိုင်ငံတော်ဗဟိုဘဏ်အတိုးနှုန်း ၁၀ ရာခိုင်နှုန်းရှိရာမှ မတ် ၁၂ ရက်တွင် ၉ ဒသမ ၅ ရာခိုင်နှုန်းသို့ လျှော့ချခဲ့ပြီး ယခု မတ် ၂၄ ရက်တွင် ၈ ဒသမ ၅ ရာခိုင်နှုန်းသို့ ထပ်မံလျှော့ချသတ်မှတ်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန် ရည်ရွယ်၍ ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ ပုဒ်မ ၄၁ (စျ) အရ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏အတိုးနှုန်း (Bank Rate) နှင့် အပ်ငွေများအပေါ် ပေးသည့်အတိုးနှုန်းနှင့် ချေးငွေများအပေါ် တောင်းခံနိုင်သည့်အတိုးနှုန်းများကို ၀ ဒသမ ၅ ရာခိုင်နှုန်း အသီးသီးလျှော့ချရန် မတ် ၁၂ နှင့် ၁၃ ရက်စွဲဖြင့် ညွှန်ကြားချက်အမှတ် ၁/၂၀၂၀ နှင့် ၂/၂၀၂၀ များညွှန်ကြားခဲ့ သည်။

ယခုအခါ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုလျင်မြန်စွာအထောက်အကူပြုစေရန် ရည်ရွယ်၍ ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေ ပုဒ်မ ၄၁ (စျ) အရ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်၏အတိုးနှုန်း (Bank Rate) ကို တစ်နှစ်လျှင် ၉ ဒသမ ၅ ရာခိုင်နှုန်း မှ ၁ ရာခိုင်နှုန်း ထပ်မံလျှော့ချ၍ ၈ ဒသမ ၅ ရာခိုင်နှုန်းသို့ ပြင်ဆင်သတ်မှတ်လိုက်ခြင်း ဖြစ်သည်။
ဘဏ်များ၏အပ်ငွေများအပေါ်ပေး သည့် အတိုးနှုန်းနှင့် ချေးငွေများအပေါ် တောင်းခံနိုင်သည့်အတိုးနှုန်းများမှာ ငွေစာ ရင်းအပ်ငွေ၊ ငွေစုလက်မှတ်နှင့် အချိန်စေ့မှ ပေးရမည့်အပ်ငွေတို့အပေါ်တွင် ပေးရမည့် အနည်းဆုံးအတိုးနှုန်းကို ဗဟိုဘဏ်အတိုး နှုန်းအောက် နှစ်ရာခိုင်နှုန်း (၈ ဒသမ ၅ ရာခိုင်နှုန်း-နှစ်ရာခိုင်နှုန်း= ၆ ဒသမ ၅ ရာခိုင် နှုန်း)ထက် မနည်းစေရဟု သတ်မှတ်ထား သည်။
အာမခံပစ္စည်းများဖြစ်သော မြေ၊ အ ဆောက်အအုံ၊ ရွှေ-ရွှေထည် ပစ္စည်း၊ စိန်နှင့် အဖိုးတန်ကျောက်မျက်ရတနာများ၊ ငွေစု လက်မှတ်၊ အစိုးရငွေတိုက်စာချုပ်၊ စာရင်း သေအပ်ငွေ (အချိန်ပိုင်းအပ်ငွေ)၊ အပေါင် ပြုလုပ်နိုင်သည့် ငွေချေးသက်သေခံ လက် မှတ်များနှင့် လွှဲပြောင်းနိုင်သော စာချုပ်စာ တမ်းများ၊ လက်ရောက်အပေါင် (Pledge) ၊ ချေးငွေအာမခံ (Credit Guarantee) ဖြင့် ထုတ်ချေးသည့် ချေးငွေများနှင့် မြန်မာနိုင်ငံ တော်ဗဟိုဘဏ်မှ အခါအားလျော်စွာသတ်မှတ်သည့် အာမခံပစ္စည်းများ စသည်တို့ကို အခြေပြု၍ ထုတ်ချေးသည့်ချေးငွေများ အာ မခံပစ္စည်းများရယူ၍ ထုတ်ချေးသည့်ချေးငွေ များအပေါ်တွင် တောင်းခံနိုင်သည့်အများဆုံး အတိုးနှုန်းကို ဗဟိုဘဏ်အတိုးနှုန်းအထက် သုံးရာခိုင်နှုန်း (၈ ဒသမ ၅ ရာခိုင်နှုန်း+ သုံး ရာခိုင်နှုန်း= ၁၁ ဒသမ ၅ ရာခိုင်နှုန်း) ထက် ကျော်လွန်၍ ကောက်ခံခြင်းမပြုရန်သတ်မှတ်ထားသည်။
ထို့ပြင် အထက်ပါအာမခံပစ္စည်းများမှအပ အခြားအာမခံပစ္စည်းရယူ၍ဖြစ်စေ၊ အာမခံပစ္စည်းရယူခြင်းမပြုဘဲဖြစ်စေ၊ ထုတ် ချေးသည့်ချေးငွေများအပေါ်တွင် ကောက်ခံ နိုင်သည့် အများဆုံးအတိုးနှုန်းကို ဗဟိုဘဏ် အတိုးနှုန်းအထက် ခြောက်ရာခိုင်နှုန်း (၈ ဒသမ ၅ ရာခိုင်နှုန်း+ခြောက်ရာခိုင်နှုန်း= ၁၄ ဒသမ ၅ ရာခိုင်နှုန်း) ထက် ကျော်လွန်၍ ကောက်ခံခြင်းမပြုရဟု သတ်မှတ်ထားသည်။
ဘဏ်များမှ ကောက်ခံနိုင်သည့် အများ ဆုံးအတိုးနှုန်းတွင် ကတိခံကြေး၊ စီမံခန့်ခွဲမှု စရိတ်စသည့်အခကြေးငွေများပါဝင်ပြီးဖြစ် ပြီး ဤညွှန်ကြားချက်သည် ၂၀၂၀ ပြည့်နှစ် ဧပြီ ၁ ရက်စ၍ အကျိုးသက်ရောက်စေရမည် ဟု နိုင်ငံတော်ဗဟိုဘဏ်က ညွှန်ကြားထားသည်။
ယခုအတိုးနှုန်းလျှော့ချမှုသည် လက်ရှိ အစိုးရလက်ထက်တွင် ဒုတိယအကြိမ် မြောက် အတုုိးနှုန်းလျှော့ချသတ်မှတ်မှုဖြစ် ပြီး ယခင်အစိုးရ လက်ထက်တွင် အတိုးနှုန်း နှစ်ကြိမ်လျှော့ချသတ်မှတ်ခဲ့သည်။









