ကနီမြို့နယ် ချောင်းမအရှေ့ကျေးရွာတွင် သောက်သုံးရေတွင်းပေါင်း ၅၀ ကျော် ရေခန်းခြောက်နေ

ကနီမြို့နယ် ချောင်းမအရှေ့ကျေးရွာတွင် သောက်သုံးရေတွင်းပေါင်း ၅၀ ကျော် ရေခန်းခြောက်နေ
ကနီမြို့နယ် ချောင်းမအရှေ့ကျေးရွာရှိ သောက်သုံးရေမထွက်သည့် ရေတွင်းကို တွေ့ရစဉ်
ကနီမြို့နယ် ချောင်းမအရှေ့ကျေးရွာရှိ သောက်သုံးရေမထွက်သည့် ရေတွင်းကို တွေ့ရစဉ်
Published 21 March 2020
ကောင်းခန့်လင်း (မုံရွာ)

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့နယ် ချောင်းမအရှေ့ကျေးရွာတွင် သောက်သုံးရေတွင်းပေါင်း ၅၀ ကျော်မှာ ရေခန်းခြောက်မှု ဖြစ်ပေါ်နေကြောင်း ကနီမြို့နယ် မဲဆန္ဒနယ်မြေအမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်း၏ ပြောကြားချက်အရ သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ကနီမြို့နယ်မှ သက်ဆိုင်ရာဌာနများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ အရေးပေါ် သဘာဝဘေးရန်ပုံငွေထဲမှ ခွဲဝေသုံးစွဲပေးရန် စာတင်ကာ တောင်းဆိုသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ အခုလောလောဆယ် သောက်သုံးရေ လုံးလုံးပြတ်တာကတော့ ကနီမြို့နယ် ချောင်းမအရှေ့ကျေးရွာက သောက်သုံးရေတွင်းတွေကတော့ အတော်များများ ခန်းခြောက်သွားတယ်။ ပြီးတော့ ကနီမြို့နယ် ကျောက်လုံးကြီး တောတိုက်မှာ အိမ်ခြေ ၆၀ ကျော်လောက်တော့ ရှိတယ်။ အဲဒီတောတိုက်က ကန်ရေကိုပဲ အဓိကမှီခိုအားထားရတယ်။ ရေကန်တွေထဲမှာလည်း သောက်သုံးရေက လုံးဝမရှိတော့ဘူး။ အရင်နှစ်တွေတုန်းကတော့ ကနီမြို့နယ် ပေါက်အင်းတောတိုက်မှာတော့ သောက်သုံးရေ ပြတ်လပ်တာတွေရှိတယ်” ဟု ကနီမြို့နယ် မဲဆန္ဒနယ်မြေအမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောကြားသည်။

ကနီမြို့နယ် ချောင်းမအရှေ့ကျေးရွာတွင် တည်ရှိသော သောက်သုံးရေတွင်းများသည် မတ်လဆန်းပိုင်းလောက်ကတည်းက ခန်းခြောက်နေကြောင်း ယင်းအတွက် ဒေသခံ ကျေးရွာသူ ကျေးရွာသားများသည် သောက်သုံးရေအတွက် အခက်ခဲဖြစ်ပေါ်နေကြောင်း ရေအနည်းငယ်ထွက်သည့် အိမ်ကနေသောက်သုံးရေးကို ဝေမျှသောက်သုံးနေရကြောင်း ကနီမြို့နယ် ချောင်းမအရှေ့ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးရွှေသိုင်းက ဆိုသည်။

“ ကျွန်တော်တို့ရွာရဲ့ သုံးပုံ ပုံနှစ်ပုံလောက်က ရေတွင်းတွေ ခန်းခြောက်နေတယ်။ မတ်လဆန်းပိုင်းလောက်ကတည်းက ရေတွင်းတွေ ခန်းနေတာ။ သောက်သုံးရေအတွက် အခက်အခဲဖြစ်နေတယ်။ ရတဲ့ရေလေးကို စစ်ပြီးတော့ သောက်နေရတယ်။ တချို့ရေတွင်းဆိုရင် ရေနှစ်ပုံးစာလောက်ပဲ ရတယ်။ အချို့ရေတွင်းတွေက လုံးဝကိုခန်းခြောက်သွားတာ။ ကျွန်တော်တို့ရွာဆိုရင် တစ်ခါမှ အခုလို ရေတွင်းတွေ ရေခန်းခြောက်သွားတယ်ဆိုတာမျိုး မကြုံပါဘူး” ဟု ကနီမြို့နယ် ချောင်းမအရှေ့ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးရွှေသိုင်းက ပြောကြားသည်။

သောက်သုံးရေ ပြတ်လပ်မှုနှင့် ရင်ဆိုင်ကြုံတွေ့နေရသည့် ကနီမြို့နယ် ချောင်းမအရှေ့ကျေးရွာတွင် အိမ်ခြေ ၂၀၀ နီးပါးနှင့် လူဦးရေ ၁၈၀၀ နီးပါးရှိကြောင်း သိရသည်။

Most Read

Most Recent