၁၃ ကြိမ်မြောက် အောင်ဘာလေထီ ကျပ်သိန်း ၁၅၀၀၀ ဆုအား မန္တလေးမြို့တွင် လက်တွန်းလှည်းဖြင့် ထီရောင်းချသူတစ်ဦး ရောင်းမကုန်သည့် လက်ကျန်ထီ ဆယ်စောင်တွဲမှ ဆွတ်ခူး

၁၃ ကြိမ်မြောက် အောင်ဘာလေထီ ကျပ်သိန်း ၁၅၀၀၀ ဆုအား မန္တလေးမြို့တွင် လက်တွန်းလှည်းဖြင့် ထီရောင်းချသူတစ်ဦး ရောင်းမကုန်သည့် လက်ကျန်ထီ ဆယ်စောင်တွဲမှ ဆွတ်ခူး
Published 1 March 2020

၁၃ ကြိမ်မြောက် ကျပ်သိန်းတစ်သောင်းခွဲ ထီဆုကို ရောင်းမကုန်သည့် လက်ကျန်ထီ ဆယ်စောင်တွဲမှ မန္တလေးမြို့တွင် လက်တွန်းလှည်းဖြင့် ထီရောင်းသူတစ်ဦး ဆွတ်ခူးခဲ့ကြောင်း သိရသည်။

ရောင်းမကုန်သည့် ထီလက်ကျန် (၁၀) စောင်တွဲမှ ကျပ်သိန်းတစ်သောင်းခွဲထီဆု ဆွတ်ခူးသူ ကိုအေးမင်းထွန်း - မဝင်းခိုင် မိသားစုမှာ မကွေးတိုင်း သရက်ခရိုင် ကံမမြို့နယ်မှဖြစ်ပြီး မန္တလေးမြို့တွင် အိမ်ငှားနေထိုင်ကာ လက်တွန်းလှည်းဖြင့် ထီရောင်းချလျက် ရှိခြင်းဖြစ်သည်။

“မန္တလေးရောက်တာ ၄ နှစ်ရှိပြီ။ ထီရောင်းတာက ၃ နှစ်ရှိပြီ။ ဒီလ ထီကျန်တာက ၆၀ လောက်ကျန်တာပါ။ အဲ့ထဲကမှာမှ ကိုယ်ကြိုက်တဲ့ ဆယ်စောင်ကို ရွေးယူထားလိုက်ပြီး ကျန်တာကို စျေးလျှော့ ပတ်ရောင်းလိုက်တယ်။ အဲ့ဆယ်စောင်တွဲ အကုန်လုံးကိုလည်း ကျွန်တော်က အကုန်လုံးလည်း မထိုးနိုင်ဘူး။ လုပ်ဖော်ကိုင်ဖက် ညီလေးတစ်ယောက်က သူလည်း ထိုးချင်တယ်ဆိုလို့ ငါးစောင် ခွဲပေးလိုက်သေးတယ်။ သူကတော့ ဂဏန်းတူပြီး အက္ခရာ လွဲသွားတာပေါ့” ဟု ကျပ်သိန်းတစ်သောင်းခွဲ ဆွတ်ခူးသူ ကိုအေးမင်းထွန်းက ပြောသည်။

“ဒီလောက်ဆုကြီးပေါက်ဖို့ မလိုပါဘူး ။ လေးငါးရာလောက်ပေါက်ရင် တော်ပြီလို့ မျှော်လင့်တာပါ။ အခုလို အကြီးဆုံးဆု ပေါက်တော့ အိုးပိုင်အိမ်ပိုင်လေးဝယ်ပြီး ကားလေးနဲ့ ထီပဲ ရောင်းသွားမှာပါ။ အခြားလုပ်ငန်းလည်း မလုပ်တတ်ဖူးလေ။ လူ့ဘဝ ပြောင်းနိုင်တာ ဒီထီပဲ ရှိတာလေ။ ဒါကြောင့် လှူနိုင် တန်းနိုင်အောင် တစ်လတစ်လ ထီလေး ကံစမ်းပေးကြပါလို့။ အခု ကျွန်တော့်အနေနဲ့ ဒီရပ်ကွက်ထဲမှာ အလှူလေးလုပ်မယ်။ ရွာမှာလည်း ဘုန်းကြီးကျောင်းကို လှူမယ်။ အလှူကြီး အတန်းကြီး မလုပ်ဖူးသေးဘူး” ဟု ကိုအေးမင်းထွန်းက ပြောသည်။

မတ်လ (၁) ရက်တွင် ဖွင့်လှစ်သည့် (၁၃)ကြိမ်မြောက် အောင်ဘာလေထီ ကျပ်တစ်ထောင်တန် ကျပ်သိန်း တစ်သောင်းခွဲဆု ပေါက်မဲနံပါတ်မှာ ဠ ၂၇၇၄၆၅ ဖြစ်ပြီး ဆွတ်ခူးသည့် ထီဆိုင်ပင်ရင်းမှာ ငြိမ်းချမ်းရေးနှင့် ကမ႓ာကျော်ထီဆိုင် ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent