တစ်နှစ်အတွင်း အစားအစာအုပ်စုကုန်စျေးနှုန်း ခုနစ်ရာခိုင်နှုန်းကျော်၊ အိမ်လခ ၃၁ ရာခိုင်နှုန်းကျော်၊ ကျန်းမာရေးကုန်ကျစရိတ် ကိုးရာခိုင်နှုန်းကျော်၊ ပညာရေးကုန်ကျစရိတ် လေးရာခိုင်နှုန်းကျော် မြင့်တက်

တစ်နှစ်အတွင်း အစားအစာအုပ်စုကုန်စျေးနှုန်း ခုနစ်ရာခိုင်နှုန်းကျော်၊ အိမ်လခ ၃၁ ရာခိုင်နှုန်းကျော်၊ ကျန်းမာရေးကုန်ကျစရိတ် ကိုးရာခိုင်နှုန်းကျော်၊ ပညာရေးကုန်ကျစရိတ် လေးရာခိုင်နှုန်းကျော် မြင့်တက်
စူပါမားကတ်တစ်ခုအတွင်း ရောင်းချလျက်ရှိသော စားသောက်ကုန်ပစ္စည်းများကို တွေ့ရစဉ် (ဓာတ်ပုံ-အိသဥ္ဇာကျော်)
စူပါမားကတ်တစ်ခုအတွင်း ရောင်းချလျက်ရှိသော စားသောက်ကုန်ပစ္စည်းများကို တွေ့ရစဉ် (ဓာတ်ပုံ-အိသဥ္ဇာကျော်)
Published 12 February 2020
စည်သူအောင်

 

တစ်နှစ်အတွင်း အစားအစာအုပ်စု ကုန်စျေးနှုန်း ခုနစ်ရာခိုင်နှုန်းကျော်၊ အိမ်လခ ၃၁ ရာခိုင်နှုန်းကျော်၊ ကျန်းမာရေးကုန်ကျစရိတ် ကိုးရာခိုင်နှုန်းကျော်၊ ပညာရေးကုန်ကျစရိတ် လေးရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့၏ စားသုံးသူ စျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း အခြေအနေအရ သိရသည်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာအတွက် ထုတ်ပြန်ထားသော တစ်နိုင်ငံလုံး၏ စားသုံးသူ စျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း စိစစ်ချက်အရ ၂၀၁၈ ခုနှစ် ဒီဇင်ဘာထက် အစားအစာအုပ်စု ၇ ဒသမ ၈၂ ရာခိုင်နှုန်း၊ ဆေးလိပ်နှင့် အဖျော်ယမကာအုပ်စု ၉ ဒသမ ၃၁ ရာခိုင်နှုန်း၊ အဝတ်အထည်အုပ်စု ၄ ဒသမ ၅၅ ရာခိုင်နှုန်း၊ အိမ်လခနှင့် အိမ်ပြင်ခအုပ်စု ၃၁ ဒသမ ၇၁ ရာခိုင်နှုန်း၊ အိမ်အသုံးအဆောင်စျေးနှုန်းနှင့် ပြုပြင်ထိန်းသိမ်းစရိတ် အုပ်စု ၆ ဒသမ ၃၆ ရာခိုင်နှုန်း၊ ကျန်းမာရေး အုပ်စု ၉ ဒသမ ၄၈ ရာခိုင်နှုန်း၊ သယ်ယူပို့ဆောင်ရေးအုပ်စု ၆ ဒသမ ၆၁ ရာခိုင်နှုန်း၊ အပန်းဖြေခြင်းနှင့် ယဉ်ကျေးမှုအုပ်စု ၁၂ ဒသမ ၅၂ ရာခိုင်နှုန်း၊ ပညာရေးအုပ်စု ၄ ဒသမ ၂၁ ရာခိုင်နှုန်း၊ ပြင်ပအစားအသောက် အုပ်စု ၅ ဒသမ ၉၅ ရာခိုင်နှုန်း၊ အထွေထွေ ကုန်ပစ္စည်းအုပ်စု ၈ ဒသမ ၇၈ ရာခိုင်နှုန်း၊ အစားအစာ မဟုတ်သော အုပ်စု ၁၂ ဒသမ ၃၄ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

တစ်နိုင်ငံလုံး၏ စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း စိစစ်ချက်အရ ၂၀၁၈ ခုနှစ် ဒီဇင်ဘာနှင့် နှိုင်းယှဉ်ပါက ၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင်ကျဆင်းခဲ့သည့် တစ်ခုတည်းသောကဏ္ဍမှာ ဆက်သွယ်ရေး အုပ်စုဖြစ်ပြီး ကျဆင်းမှုနှုန်းမှာ ၀ ဒသမ ၅၀ ရာခိုင်နှုန်းတို့ဖြစ်သည်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် စားသုံးသူ စျေးဆနှုန်း (CPI) ၁၆၁ ဒသမ ၇၂ ရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ၉ ဒသမ ၄၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်သည့် စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း အခြေအနေအရ သိရသည်။

၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် တွက်ချက်ထားသော ၂၀၁၉ ခုနှစ် ဒီဇင်ဘာအတွက် တစ်နိုင်ငံလုံး၏ စားသုံးသူစျေးဆနှုန်းမှာ အစားအစာအုပ်စုအတွက် ၁၇၄ ဒသမ ၁၃၊ အစားအစာ မဟုတ်သောအုပ်စုအတွက် ၁၄၄ ဒသမ ၂၆ နှင့် အုပ်စုအားလုံးအတွက် ၁၆၁ ဒသမ ၇၂ ရှိပြီး ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် ဖြစ်ပေါ်ခဲ့သော စားသုံးသူစျေးဆနှုန်းနှင့် နှိုင်းယှဉ်ပါက ၉ ဒသမ ၄၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်းဖြစ်သည်။

ယခင်နှစ်ကာလတူထက် စားသုံးသူ စျေးဆနှုန်း မြင့်တက်လာခြင်းမှာ စားသုံးသူ စျေးဆနှုန်း တွက်ချက်ရန်ကောက်ခံသည့် အုပ်စုအားလုံးတွင်ပါဝင်သည့် ကုန်ပစ္စည်း စျေးနှုန်းများ ယခင်နှစ်အလားတူ ကာလနှင့် နှိုင်းယှဉ်ပါက သိသိသာသာ မြင့်တက်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် ၂၀၁၈ ခုနှစ် ဇွန်လမှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအထိ ဖြစ်ပေါ်ခဲ့သော တစ်နိုင်ငံလုံး၏ စားသုံးသူ စျေးဆနှုန်းကို လေ့လာပါက ၂၀၁၈ ခုနှစ် ဇူလိုင်လတွင် ၁၄၁ ဒသမ ၁၃ ရှိရာမှ တဖြည်းဖြည်း မြင့်တက်လာခဲ့ရာ ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် ၁၄၈ ဒသမ ၉၅ အထိမြင့်တက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က သုံးသပ်တင်ပြထားသည်။ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်းတွင်မူ မြန်မာကျပ်ငွေနှင့် အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းများ ကျဆင်းလာခြင်းကြောင့် ဆက်စပ်ကုန်ပစ္စည်း စျေးနှုန်းများ ကျဆင်းလာခြင်း၊ ဆန်သစ်ပေါ်ချိန်ဖြစ်၍ စျေးနှုန်းများ ကျဆင်းခြင်း၊ ဆောင်းရာသီဖြစ်ခြင်းကြောင့် အသီးအနှံစျေးနှုန်းများ၊ ဟင်းသီးဟင်းရွက်စျေးနှုန်းများနှင့် ကုန်ခြောက်ပစ္စည်းစျေးနှုန်းများ ကျဆင်းလာခြင်း တို့ကြောင့် စားသုံးသူစျေးဆနှုန်းမှာ အနည်းငယ် ပြန်လည်ကျဆင်းခဲ့ကြောင်း သိရသည်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ၌ နိုင်ငံခြားငွေလဲနှုန်းများ ဆက်တိုက်ကျဆင်းခဲ့သော်လည်း အသား၊ ငါးနှင့် ဥစျေးနှုန်းများ မြင့်တက်လာခြင်းနှင့် ရွှေစျေးနှုန်းများ မြင့်တက်နေခြင်းတို့ကြောင့် စားသုံးသူ စျေးဆနှုန်း ပြန်လည်မြင့်တက်ခဲ့ရာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအထိ ဆက်လက်မြင့်တက်လာသည်ကို တွေ့ရကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က သုံးသပ် တင်ပြထားသည်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးများ၌ ဖြစ်ပေါ်ခဲ့သော စားသုံးသူစျေးဆနှုန်းများကို ကြည့်ပါက တိုင်းဒေသကြီး၊ ပြည်နယ်နှင့် မြို့ကြီး သုံးမြို့ (ရန်ကုန်၊ မန္တလေး၊ နေပြည်တော်) တွင် ယခင်လနှင့် နှိုင်းယှဉ်ပါက ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တွင် ကျဆင်းနေပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မြင့်တက်လျက်ရှိသည်။ နှစ်အလိုက်ပြောင်းလဲမှု ရာခိုင်နှုန်းအနေဖြင့် မန္တလေးမြို့တွင် ၁၅ ဒသမ ၃၈ ရာခိုင်နှုန်းဖြင့် အများဆုံး ပြောင်းလဲမှုဖြစ်ပေါ်နေပြီး ရခိုင်ပြည်နယ်တွင် ၃ ဒသမ ၁၆ ရာခိုင်နှုန်းဖြင့် အနည်းဆုံး ပြောင်းလဲမှုဖြစ်ပေါ်ခဲ့သည်။             

Most Read

Most Recent