၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၈ ဒသမ ၈၁ ရာခိုင်နှုန်းရှိပြီး ငွေကြေးဖောင်းပွမှုနှုန်း ခုနစ်လဆက်တိုက် ရှစ်ရာခိုင်နှုန်းအထက် မြင့်တက်နေ

၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၈ ဒသမ ၈၁ ရာခိုင်နှုန်းရှိပြီး ငွေကြေးဖောင်းပွမှုနှုန်း ခုနစ်လဆက်တိုက် ရှစ်ရာခိုင်နှုန်းအထက် မြင့်တက်နေ
ရန်ကုန်မြို့ရှိ စားသောက်ကုန်များ ရောင်းချသော စျေးတန်းတစ်နေရာကို တွေ့ရစဉ်။ (ဓာတ်ပုံ-ရှိုင်းလင်းအောင်)
ရန်ကုန်မြို့ရှိ စားသောက်ကုန်များ ရောင်းချသော စျေးတန်းတစ်နေရာကို တွေ့ရစဉ်။ (ဓာတ်ပုံ-ရှိုင်းလင်းအောင်)
Published 8 February 2020
စည်သူအောင်

၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၈ ဒသမ ၈၁ ရာခိုင်နှုန်း ရှိပြီး ပြီးခဲ့သည့် နိုဝင်ဘာတွင် ဖြစ်ပေါ်ခဲ့သည့် ငွေကြေးဖောင်းပွမှုနှုန်းထက် ရာခိုင်နှုန်းအနည်းငယ် ပြန်လည်မြင့်တက်လာကြောင်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း ခုနစ်လဆက်တိုက် ရှစ်ရာခိုင်နှုန်းအထက် မြင့်တက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်သည့် စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း အခြေအနေတွင် ဖော်ပြထားချက်အရ သိရသည်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် တစ်နှစ်အတွင်း ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ၈ ဒသမ ၈၁ ရာခိုင်နှုန်းဖြစ်ပြီး၂၀၁၉ ခုနှစ် နိုဝင်ဘာရှိ ငွေကြေးဖောင်းပွမှုနှုန်း ၈ ဒသမ ၅၉ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက ငွေကြေးဖောင်းပွမှုနှုန်း အနည်းငယ် ပြန်လည်မြင့်တက်လာခြင်းဖြစ်ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်ထားသည်။ ၂၀၁၈ ခုနှစ် ဧပြီမှစ၍ ၂၀၁၉ ခုနှစ် စက်တင်ဘာအထိ ငွေကြေးဖောင်းပွမှုနှုန်း ၁၈ လဆက်တိုက် မြင့်တက်ခဲ့ပြီး ၂၀၁၉ ခုနှစ် အောက်တိုဘာနှင့် နိုဝင်ဘာတွင် အနည်းငယ်ပြန်ကျကာ ဒီဇင်ဘာတွင် ပြန်လည်မြင့်တက်လာခြင်း ဖြစ်သည်။

တစ်နိုင်ငံလုံးအတွက် ၂၀၁၂  ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူစျေးဆနှုန်းအပေါ် အခြေခံတွက်ချက်ထားသော ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာအထိ တစ်နှစ်ပျမ်းမျှ ၈ ဒသမ ၈၁ ရာခိုင်နှုန်းရှိပြီး နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်း (Year on Year Inflation) မှာ ၉ ဒသမ ၄၅ ရာခိုင်နှုန်း ရှိသည်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်း မကွေးတိုင်းဒေသကြီးတွင် ၁၂ ဒသမ ၂၃ ရာခိုင်နှုန်းဖြင့် ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်းအမြင့်ဆုံးဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီးတွင် ၁၁ ဒသမ ၉၈ ရာခိုင်နှုန်းဖြင့် ဒုတိယ အမြင့်ဆုံး၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၁၁ ဒသမ ၀၃ ရာခိုင်နှုန်းဖြင့် တတိယအမြင့်ဆုံးဖြစ်ကြောင်း သိရသည်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလအထိ နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်းမှာ မန္တလေးမြို့တွင် ၁၅ ဒသမ ၃၈ ရာခိုင်နှုန်းဖြင့် ပြောင်းလဲမှုအများဆုံးဖြစ်ပေါ်ခဲ့ပြီး ရခိုင်ပြည်နယ်တွင် ၃ ဒသမ ၁၆ ရာခိုင်နှုန်းဖြင့် ပြောင်းလဲမှု ရာခိုင်နှုန်းအနည်းဆုံး ဖြစ်ပေါ်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်ထားသည်။

တစ်နိုင်ငံလုံးအတွက် စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းကို ပြောင်းလဲတွက်ချက် တင်ပြနိုင်ရန် ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင်  ဗဟိုစာရင်းအင်းအဖွဲ့သည် အိမ်ထောင်စုဝင်ငွေနှင့် စားသုံးမှုစစ်တမ်းကို မြို့နယ်ပေါင်း ၈၂ မြို့နယ်တွင် နမူနာအိမ်ထောင်စုပေါင်း ၃၂၆၆၉ ကို စစ်တမ်းကောက်ယူခဲ့ကြောင်း သိရသည်။

ယခင်က ၂၀၀၆ ခုနှစ်ကို အခြေခံ၍ ငွေကြေးဖောင်းပွမှုနှုန်းကို တွက်ချက်ခဲ့သော်လည်း ယခုအခါ ၂၀၁၂ ခုနှစ်စစ်တမ်းအပေါ် အခြေခံ၍အခြေခံနှစ် (Base Year) အား ပြောင်းလဲတွက်ချက်ခဲ့ခြင်း ဖြစ်သည်။

Most Read

Most Recent