ဘာစီလိုနာအသင်းသည် ဝုလ်ဗ်အသင်းမှ လာမာစီယာအကယ်ဒမီထွက် တောင်ပံကစားသမား အဒါမာထရာအိုရေးကို ခေါ်ယူရန်စိတ်ဝင်စားနေကြောင်း သိရသည်။
သို့သော် ဘာစီလိုနာအနေဖြင့် အဒါမာထရာအိုရေးအား ချဉ်းကပ်မှုလုံးဝမရှိသေးကြောင်းလည်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။
အဒါမာထရာအိုရေးနှင့် ဝုလ်ဗ်အသင်းတို့၏စာချုပ်မှာ ၂၀၂၃ အထိ သက်တမ်းရှိနေသော်လည်း ကာယကံရှင်ဖြစ်သူက ရီးယဲလ်မက်ဒရစ် သို့မဟုတ် ဘာစီလိုနာအသင်းမှ ကမ်းလှမ်းလာလျှင် စဉ်းစားသွားမည်ဟု အတိအလင်းဝန်ခံထားခဲ့သည်။
ဘာစီလိုနာအသင်းသည် အဒါမာထရာအိုရေးကို အက်စတွန်ဗီလာအသင်းသို့ ရောင်းချခဲ့စဉ် Buy-back အချက်ကို ထည့်သွင်းထားသော်လည်း ၎င်းမှာ တစ်နှစ်အကြာတွင် မစ်ဒယ်ဘရော့သို့ ပြောင်းရွှေ့ခဲ့ပြီးနောက် ယင်းအချက်မှာ ပျက်ပြယ်သွားခဲ့သည်။
အဒါမာသည် ဝုလ်ဗ်အသင်းသို့ ၂၀၁၈ ခုနှစ်က ပြောင်းရွှေ့ကြေး ပေါင်(၁၈)သန်းဖြင့် ရောက်ရှိလာခဲ့ပြီး ယခုရာသီတွင် (၅)ဂိုးသွင်းယူကာ (၁၀)ဂိုးဖန်တီးပေးခဲ့သည်။
အဒါမာ၏စာချုပ်မှာ သက်တမ်း(၃)နှစ်ကျော်ကျန်ရှိနေသေးသောကြောင့် ဝုလ်ဗ်အသင်းအနေဖြင့် မြင့်မားသည့်ပြောင်းရွှေ့ကြေးရမှ ရောင်းချသွားဖွယ်ရှိနေသည်။