မြန်မာ့စက်မှုကုန်ထုတ်လုပ်ငန်းများ၏တိုးတက်မှုနှုန်း ဇန်နဝါရီတွင် ဆက်လက်အားကောင်းခဲ့ပြီး ငွေကြေးဖောင်းပွမှုနှင့် စရိတ် စကဖောင်းပွမှုဖိအား နည်းပါးလာသောကြောင့် ရောင်းစျေးများ နှစ်လဆက်တိုက် လျှော့ချကြောင်း ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီအတွက် ထုတ်ပြန်သော နစ်ကေးမြန်မာ့စက်မှုကုန် ထုတ်လုပ်ငန်း PMI အညွန်းကိန်း (Manufacturing Purchasing Manager’s Index- ဝယ်ယူရေးမန်နေဂျာများ၏ အညွန်းကိန်း) အရ သိရသည်။
မြန်မာနိုင်ငံအတွင်း ကုန်ထုတ်လုပ်ရေး ကဏ္ဍ၏ လုပ်ငန်းအခြေအနေသည် စစ်တမ်းဒေတာအရ ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်းတွင် ဆက်လက်တိုးတက်ခဲ့သည်။ ၂၀၁၉ နှစ်ကုန် ပိုင်းတွင် တိုးတက်မှုနှုန်းအနည်းငယ် ကျဆင်းခဲ့ပြီးနောက် အဘက်ဘက်က တိုးတက်မှုနှုန်း ပြန်လည်အားကောင်းလာခဲ့သည်။ ထုတ်လုပ်မှု၊ အော်ဒါသစ်များနှင့် ဝယ်ယူရေးလုပ်ငန်းအားလုံးသည် အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့ပြီး ကုန်ထုတ်လုပ်ရေးစက်ရုံများ၌ အလုပ်ခန့်မှုမှာ စံချိန်တင်နီးပါးမြင့်တက်လာခဲ့သည်။ စစ်တမ်းအရ ကုန်ထုတ်လုပ်ရေးကဏ္ဍတွင် ငွေကြေးဖောင်းပွမှုဖိအားများ ဆက်လက်ဖြစ်ပေါ်ခြင်းမရှိကြောင်း အချက်ပြခဲ့ပြီး ကုမ္ပဏီများအနေဖြင့် တစ်နှစ်တာအတွင်း ထုတ်လုပ်မှုမြင့်မားလာမည်ဖြစ်ကြောင်း ယုံကြည်မှု ပိုမိုလာသည်။
PMI အညွန်းကိန်းသည် ဒီဇင်ဘာတွင် ၅၂ ရှိရာမှ ဇန်နဝါရီတွင် ၅၂ ဒသမ ၇ သို့မြင့်တက်လာခဲ့ပြီး မြန်မာနိုင်ငံအတွင်း ကုန်ထုတ်လုပ်ရေးလုပ်ငန်းအခြေအနေများ အခိုင်အမာတိုးတက်လာကြောင်း အချက်ပြနေသည်။ ၎င်းမှ ၂၀၁၉ ခုနှစ်တွင် ဖြစ်ပေါ်လာသည့် တိုးတက်မှုပြကိန်းဂဏန်းနှင့် တူညီခဲ့ပြီး လွန်ခဲ့သောလေးနှစ်က စစ်တမ်း စတင်လာကတည်းကစ၍ အမြင့်ဆုံးကိန်းတစ်ခုဖြစ်သည်။
ဇန်နဝါရီလအတွင်း PMI မြင့်တက်လာခဲ့ခြင်းသည် အဓိကအကျဆုံး အညွန်းကိန်း ၏ ၇၅ ရာခိုင်နှုန်းအထိ အလေးသာခဲ့သည်ဟု ယူဆရသည့် ထုတ်လုပ်မှု၊ အော်ဒါသစ်များနှင့် အလုပ်ခန့်မှု အစိတ်အပိုင်းများကို ထင်ဟပ် စေခဲ့သည်။ ပစ္စည်းပေးသွင်းမှုကြာမြင့်ချိန်များ (၁၅ ရာခိုင်နှုန်းအလေးသာမှု) မှာ အဓိက အားဖြင့် မပြောင်းမလဲရှိနေခဲ့ကြပြီး သိုလှောင် ကုန်များဝယ်ယူမှုများမှာ PMI ပေါ်တွင် ဆက်ပြီး အလေးသာနေသော်လည်း ၎င်းတို့မှာ ၁၀ ရာခိုင်နှုန်းမျှသာဖြစ်သည်။ မြန်မာနိုင်ငံ အတွင်း စက်မှုကုန်ထုတ်လုပ်မှုမှာ ဇန်နဝါရီလတွင် စစ်တမ်းအတွင်း စံချိန်တင် ၁၅ လ မြောက်ဆက်တိုက်မြင့်တက်လာခဲ့သည်။ ထို့ပြင် ငါးလအတွင်း အမြင့်ဆုံးအရှိန်သို့ မြင့်တက်လာသည့် တိုးတက်မှုအရှိန်မှာ စစ်တမ်း၏ ပျမ်းမျှနှုန်းအထက် ကောင်းစွာရှိနေသည်။ ကုန်ထုတ်လုပ်မှုသည် အလုပ်သစ်များ တိုးရလာမှုကြောင့် ထပ်မံမြင့်တက်ခဲ့သည်။ လုပ်ငန်းသစ်များ၏ ပမာဏသည် ၁၅ လဆက် တိုက်တိုးလာခဲ့ပြီး တိုးတက်မှုနှုန်းမှာ ဒီဇင်ဘာလ၏ သုံးလအတွင်း အနိမ့်ဆုံးအဆင့်မှ အရှိန်မြင့်လာခဲ့သည်။
ဇန်နဝါရီစစ်တမ်းဒေတာအရ ကုန်ထုတ်လုပ်ရေးကဏ္ဍအတွင်း ငွေကြေးဖောင်းပွမှုဖိအားပေးမှု မရှိကြောင်းကို အချက်ပြနေပြီး သွင်းကုန်များ၏စျေးနှုန်းများမှာ ဒသမဂဏန်းမျှသာ တိုးလာခဲ့ပြီး ထုတ်ကုန်ရောင်း စျေးများမှာ နှစ်လဆက်တိုက်လျှော့ချပေးခဲ့သည်။ အနာဂတ်တိုးတက်ရေး မျှော်လင့်ချက်ဆိုင်ရာ အနာဂတ်ထုတ်ကုန်အòန်း ကိန်းသည် ဇန်နဝါရီလတွင် ခြောက်လအတွင်း အမြင့်ဆုံးသို့တက်လှမ်းခဲ့ပြီး ၂၀၂၀ နှစ်ဆန်းပိုင်း၌ ကုန်ထုတ်လုပ်ရေးကဏ္ဍတွင် ယုံကြည်မှုအားကောင်းလာမည်ကို ညွန်ပြနေသည်။ ကုမ္ပဏီများမှ ထုတ်ကုန်အသစ်များ အကြောင်း ရှင်းလင်းပြောပြခဲ့ပြီး စက်ယန္တရား များနှင့် လုပ်ငန်းသစ်များဖွင့်လှစ်ပေးခြင်း ကို တိုးမြှင့်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါစစ်တမ်းကို ပြုစုပေးသည့် HIS Markit မှ စီးပွားရေးဒါရိုက်တာ Trevor Balchin က “ဇန်နဝါရီမှာ ထုတ်လုပ်မှု၊ အော်ဒါသစ်တွေ၊ အလုပ်တွေနဲ့ သွင်းကုန်ဝယ်ယူမှုတွေအားလုံး အားကောင်းခဲ့တာကြောင့် မြန်မာနိုင်ငံက ကုန်စည်ထုတ်လုပ်သူတွေ ၂၀၂၀ ပြည့်နှစ်ကို အသာစီးက စတင်ခဲ့ကြ ပါတယ်။ လာမယ့် ၁၂ လအတွင်း ထုတ်လုပ်ရေးဆိုင်ရာ မျှော်လင့်ချက်တွေလည်း နှစ်ဆန်းမှာ တိုးတက်လာတာကြောင့် ယုံကြည်မှုတွေ အားကောင်းလာတာကို ထင်ဟပ်စေခဲ့ပါတယ်”ဟု ပြောကြားသည်။
ယခုထုတ်ပြန်ထားသော စစ်တမ်းကို HIS Markit က စက်မှုကုန်ထုတ်လုပ်ငန်း များထံမှ ကောက်ယူစုစည်းရရှိသည့် စစ်တမ်းမူလကိန်းဂဏန်းများကို အခြေခံပြုစု ထားခြင်းဖြစ်ပြီး ဂျပန်အခြေစိုက် Nikkei မီဒီယာအုပ်စုက ပံ့ပိုးထားခြင်းဖြစ်သည်။















