ပို့ကုန်မြှင့်တင်ရေးအတွက် ဦးစားပေး တင်ပို့မည့်နိုင်ငံများ မကြာမီ သတ်မှတ်နိုင်မည်ဖြစ်ပြီး ပြည်ပနိုင်ငံများနှင့် Bilateral Trade Agreement များကို ချုပ်ဆိုသွားမည်ဖြစ် ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။
“အမျိုးသားပို့ကုန်မဟာဗျူဟာမှာ နိုင်ငံအလိုက် Traget ထားဖို့ကိစ္စကတော့ ကျွန်တော်တို့တွေ သီးခြားရေးဆွဲထားတာမရှိဘူး။ နောင်ဆိုလို့ရှိရင်တော့ ကျွန်တော်တို့အနေနဲ့ သီးခြားရေးဆွဲရမယ့် အနေအထားရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့ကာလတွေ အတွင်းမှာ လွန်ခဲ့တဲ့သုံးလေးနှစ်အတွင်းမှာ မြန်မာနိုင်ငံက စီးပွားရေးပိတ်ဆို့မှုဒဏ်တွေ ကို ခံနေရတယ်။ GSP အခွင့်အရေးတွေကို မရခဲ့ဘူး။ အခုနောက်ပိုင်းကျတော့ ဒီအခွင့် အရေးတွေကို ပြန်ရလာတဲ့အခါမှာ အထူးသဖြင့် အထည်ချုပ်လုပ်ငန်းဆို အရမ်းကို တိုး တက်မှုရှိလာပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီလိုပုံမှန်ကုန်သွယ်မှုတွေ ဖြစ်လာပြီဆို နှစ်နိုင်ငံချင်း Bilateral Trade Agreement တွေ ချုပ်ဖို့ ဆက်လက်ဆောင်ရွက်သွားဖို့ ရှိပါတယ်။ နောက်တစ်ခုကနိုင်ငံအလိုက် Target ထားပြီးတော့ ပို့ကုန်မဟာဗျူဟာကိုလည်း ချမှတ်ဆောင်ရွက်သွားနိုင်မယ့် အနေအထား ရှိပါတယ်” ဟု ဦးအောင်ထူးက ဆိုသည်။
ပြီးခဲ့သည့် ငါးနှစ်အတွင်း မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၁၅ ဘီလျံနှင့် ၁၆ ဘီလျံသာရှိခဲ့သော်လည်း လက်ရှိတွင် အမေရိကန်ဒေါ်လာ ၃၄ ဘီလျံကျော်အထိ တိုးတက်လာကြောင်း၊ ပို့ကုန်ကဏ္ဍတွင်လည်း ပုဂ္ဂလိကလုပ်ငန်းများ မှ တိုးတက်လာနေသည်။
“ပြီးခဲ့တဲ့ ငါးနှစ်မှာတော့ ကျွန်တော်တို့ အစပျိုးတဲ့အချိန်ပဲရှိပါသေးတယ်။ အခုလာမယ့် ငါးနှစ်ကတော့ ပိုပြီးတော့ ကျွန်တော်တို့ စနစ်တကျ ဆောင်ရွက်သွားနိုင်မယ်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ငါးနှစ်နဲ့ အခုငါးနှစ်နဲ့ နှိုင်းယှဉ်တဲ့အခါမှာ တချို့ပို့ကုန်အမည်အသစ်တွေ ထည့်ထားပါတယ်။ အနာဂတ်မှာ ဒါတွေဟာ တိုးတက်မယ့် အလားအလာရှိတဲ့ဟာတွေ စက်မှုကုန်ချောပစ္စည်းတွေ၊ အထည်အလိပ်လို ဒီအပိုင်းတွေထည့်လာပါတယ်” ဟု ဒုတိယဝန်ကြီးဦးအောင်ထူးက ပြောကြားသည်။
လက်ရှိဘဏ္ဍာနှစ် လေးလခန့်တွင် ပို့ ကုန်တင်ပို့မှုမှ ဒေါ်လာ ၅ ဒသမ ၇ ဘီလျံ ကျော်အထိရှိပြီး ယခင်နှစ်ကာလတထူထက် ဒေါ်လာ ၁ ဒသမ ၁ ဘီလျံကျော်ပိုမိုရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးမှ ထုတ်ပြန်ထားသည့် စာရင်းများ အရ သိရသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဇန်နဝါရီ ၂၄ ရက်အထိ ပြည်ပသို့ ပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၅ ဒသမ ၇၁၇ ဘီလျံရရှိထားပြီး ယခင်နှစ်ကာ တူတွင် အမေရိကန်ဒေါ်လာ ၄ ဒသမ ၅၇၃ ဘီလျံသာရရှိထားသည်။
ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ် လေးလခွဲ ခန့်တွင် ပြည်ပသို့ ပို့ကုန်တင်ပို့မှုသည် ယခင် နှစ်ကာလတူထက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၄၄ဘီလျံအထိ ပိုမိုတင်ပို့ထားနိုင် ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ လယ်ယာထွက်ပစ္စည်း၊ တိရိစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချော (CMP) ၊ အခြားကုန်စည်များ စသည်တို့ကို အဓိက တင်ပို့နေခြင်းဖြစ်သည်။
၂၀၁၉-၂၀၂ဝဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၄ ဘီလျံရရှိရန် ခန့်မှန်းထားပြီး ပို့ကုန်ကဏ္ဍမှ ဒေါ်လာ ၁၈ ဘီလျံအထိ တင်ပို့နိုင်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်း မြင့်က ပြောကြားသည်။















